ylliX - Online Advertising Network

စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း – Kachin News Group (KNG)

စစ်ကိုင်း– ကချင်အစပ် ဟုမ္မလင်းမြို့နယ် SNA တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရွှေတွင်းတပ်စခန်းနဲ့ရာလာတီးတပ်စခန်းကို KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ သိမ်းပိုက်လိုက်ပြီး  စိုင်းပန်ရွာစခန်းကုန်းကို ဒီမနက်ပိုင်း ၅ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီဘက်ကို ကျနော်တို့ ၂၅ ရက်နေ့ကနေစတိုက်တာ မနေ့က ရွှေတွင်းလမ်းဆုံစခန်းနဲ့ရာလာတီးစခန်းကိုသိမ်းတယ်။ စိုင်းပန်တပ်စခန်းကိုမနေ့ကတည်းက ပိတ်ဆို့ထားတာ အထဲမှာသူတို့မရှိဘူး ပြေးကုန်ပြီ အဲကြောင့် စိုင်းပန်ကိုလည်း ဒီမနက်ပိုင်းမှာ သိမ်းလိုက်နိုင်တာ”လို့ ပြောပါတယ်။  စစ်ကိုင်း– ကချင်အစပ်ရှိမှာရှိတဲ့ SNA တပ်စခန်းတွေကို  KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခုကို  နိုဝင်ဘာလ ၃ ရက်နေ့ တိုက်ခိုက်သိမ်းယူထားပြီးနောက် နှစ်ပတ်အကြာ နောက်ထပ်တပ်စခန်း ၂ ခုကို ထပ်ပြီးသိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ KIA ပူးပေါင်းတပ် ထိုးစစ်တိုက်ခိုက်နေတဲ့နေရာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နဲ့ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအကြားမှာရှိတဲ့ စခန်းတွေဖြစ်ပြီး အဲစခန်းတွေက KIA ရဲ့ တပ်ရင်း (၂၆) ထိန်းချုပ်နယ်မြေမှာရှိတာလည်းဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး နေ့တိုင်းဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေရှိတဲ့အတွက် KPDF တပ်သား ၂ ဦးကျဆုံးပြီး SNA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲတော့ တော်တော်လေးပြင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ဘက်ကလည်း ကျတာရှိတယ်။ လပြည့်နေ့မှာဘဲတစ်ယောက်ကျထားတာ မနေ့ကလည်းတစ်ယောက်ထပ်ကျတယ်။ SNA ဘက်ကလည်း ကျတာများတယ်။လေယာဉ်ကို မနေ့ကလည်း ၂ ကြိမ်လာပစ်သွားတယ်”လို့ KPDF တစ်ဦး ပြောပါတယ်။ လတ်တလော KIA သိမ်းပိုက်လိုက်တဲ့ တပ်စခန်း ၅ ခုစလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်တပ်လက်အောက် ပျူစောထီးအဖွဲ့ပူးပေါင်းအထိုင်ချတဲ့ တပ်စခန်းတွေဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။ ဟုမ္မလင်းမြို့နယ်နဲ့ဆယ်ဇင်းတစ်လျှောက် ဥရုချောင်းအရှေ့ခြမ်းနဲ့မာန်စိမ်းချောင်းဖျားရှိ SNA ပူးပေါင်းတပ်စခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ စတင်ထိုးစစ်ဆင်နေပြီး ခုဆိုရင် ၃ ပတ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ By – Zami The post စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း appeared first on Kachin News Group (KNG). Source link

ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ထဲကို SNA နဲ့စစ်ကောင်စီပူးပေါင်းတပ် စစ်အင်အားဖြည့်နေတာ ၄ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းမှာရှိတဲ့ ဖောင်းပြင်မြို့တွင်းအထိုင်တပ် ခလရ ၃၆၇ နဲ့ ၃၆၈ တပ်ထဲကို ရှမ်းနီအမျိုသားများတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ် ဒီရက်ပိုင်း အင်အားဖြည့်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “တစ်ခါထွက်ရင်ကားနှစ်စီးသုံးစီးအပြည့်အပြည့်ထွက်တယ် ရှမ်းနီစစ်သားတွေကများတယ် ကားတစ်စီးကိုစစ်သားတွေက ၅ ယောက်လောက်ပဲပါတာ ကျန်တာရှမ်းနီးစစ်သားတွေပဲ လေးရက်လောက်ရှိပြီနေ့တိုင်းသွားတယ် ဖောင်းပြင်မြို့ထဲတပ်ကိုအင်အားဖြည့်တာတဲ့”လို့သူကပြောပါတယ်။ ဖောင်းပြင်မြို့ကို နိုဝင်ဘာလထဲမှာ ဟုမ္မလင်း PDF တပ်ပေါင်းစုသိမ်းပိုက်မယ်ဆိုတဲ့သတင်းတွေ လတ်တလောမှာပျံ့နှံ့နေတာကြောင့် မြို့တွင်းအထိုင်တပ်နှစ်ခုကို အောက်တိုဘာ၂၆ ရက်နေ့ကနေ မနေ့ကအထိ အင်အားဖြည့်နေတာလို့ သိရပါတယ်။ “ဖောင်းပြင်အနီးဝန်းကျင်မှာ PDF တွေ သုံးထောင်လေးထောင်လောက် ရောက်နေတယ် မြို့ကိုသိမ်းမယ်ဆိုပြီးကြားလို့တဲ့ ဒီဟုမ္မလင်းမြို့ထဲကတပ်တွေကော ၊နောင်ပိုအောင်တို့ဘက်ကကောပြီးတော့ ခန္တီးဘက်ကတွေကော အကုန်ဖောင်းပြင်ဘက်ကိုဆင်းသွားကြတာမြို့ကိုကာမယ်ဆိုပြီးတဲ့”လို့ ဟုမ္မလင်းမြိုခံ အမျိုးသားတစ်ဦး ပြောပါတယ်။ ဖောင်းပြင်မြို့ကိုကာကွယ်ဖို့အတွက် ဟုမ္မလင်းမြို့ပေါ်က SNA နဲ့စစ်ကောင်စီစစ်သားတွေအပြင် နောင်ပိုအောင်ဘက်က SNA တွေနဲ့ ဟုမ္မလင်း ခန္တီးလမ်းပိုင်းမှာထိုင်တဲ့ SNA ဂိတ်တွေပါရုတ်သိမ်းပြီး အင်အားဖြည့်နေတယ်လို့သိရပါတယ်။ အခုလို SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် ဟုမ္မလင်း– မုံရွာကားလမ်းပိုင်း ပိတ်မထားပေမယ့် အရပ်သားတွေသွားလာလို့မရဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။ “လေးငါးရက်ရှိပြီ သူတို့တွေ(SNA နဲ့စစ်ကောင်စီတပ်)သွားလာနေတော့ဘယ်သူမှမသွားလာကြဘူး ကျွန်မတို့ မုံရွာကနေပစ္စည်းမှာတာ ကားသမားတွေမုံရွာကနေဒီဘက်ကိုမလာရဲလို့တဲ့မှာလို့မရဘူး ကုန်းကြောင်းက ခြောက်လလောက်ပိတ်မယ်လို့လည်းကြားတယ်”လို့သူကပြောပါတယ်။ မုံမှန်အားဖြင့် ဟုမ္မလင်းမြို့နယ်ထဲကို ကုန်စည်တွေသယ်ယူဖို့ မုံရွာ–ဟုမ္မလင်းကားလမ်းနဲ့မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းနှစ်ခုရှိပေမယ့် လက်ရှိ ကုန်းကြောင်းသွားလားလို့မရတာကြောင့် ဟုမ္မလင်းနယ်မှာကုန်အဝင်နှေးနေပြီးကုန်ပစ္စည်းစျေးတက်တာတွေ ဖြစ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းနယ်ထဲက SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာယ ခုရက်ပိုင်း ဖောင်းပြင်ဘက်ကိုအင်အားဖြည့်နေသလို ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ် ဆယ်ဇင်းဘက်ကိုလည်းအင်အားဖြည့်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက PDF ပူးပေါင်းတွေဟာ ဒီနှစ်ထဲ ရွှေပြည်အေးမြို့နဲ့ လွှစင်ကုန်းတို့ကိုသိမ်းပိုက်ထားသလို ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကြားထဲက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw The post ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ appeared first on Kachin News Group (KNG). Source link