စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ယွမ်ငွေ ဘီလီယံချီသည့် အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ Myanmar Now က ရရှိသည့် စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင်း စာရွက်စာတမ်းများအရ သန်းခေါင်စာရင်းကောက်ယူရေးအပါအဝင် တရုတ်ယွမ်ငွေ ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်) ကုန်ကျမည့် စီမံကိန်းအခု ၂၀ ကို တရုတ်အစိုးရပေးမည့် အကူအညီဖြင့်လည်ပတ်မည်ဟုဆိုသည်။ နှစ်ဖက်ဆွေးနွေးမှုသည် နိုဝင်ဘာလဆန်းတွင်စတင်ခဲ့ပြီး မကြာသေးမီက စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း ထိုစီမံကိန်းများကို သဘောတူခဲ့ကြောင်း နားလည်ရသည်။ စစ်ကောင်စီဘက်ကတောင်းဆိုသည့် နောက်ထပ်စီမံကိန်း ၇၇ ကိုလည်း အကူအညီပေးရန် တရုတ်နှင့်စစ်ကောင်စီတို့ အကြား ဆွေးနွေးဖွယ်ရှိကြောင်း ပေါက်ကြားလာသည့်မှတ်တမ်းများအ ရသိရသည်။ ထိုအထဲတွင် ရာနှင့်ချီသည့် ရဲကားများ၊ စစ်ဆေးရေးဂိတ်များတွင် မျက်နှာသွင်ပြင်မှတ်တမ်းတိုက်ဆိုင် စစ်ဆေးသည့်စနစ်များ အကူအညီပေးရန်လည်း ပါဝင်သည်။ […]