ylliX - Online Advertising Network

တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမှာ စက်သုံးဆီနဲ့ အခြေခံစားသေက်ကုန်ဈေးနှုန်းမြင့်တက် – Kachin News Group (KNG)

မြန်မာ–တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကချင်ပြည်နယ် ကံပိုက်တည်နဲ့လွယ်ဂျယ်ဂိတ်တွေပိတ်လိုက်ပြီးနောက်  မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် ဈေးနှုန်းပြန်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ်မှာရှိတဲ့ ကချင်အထူးဒေသ (၁) ဌာနချုပ် ပန်ဝါမြို့ကို KIA၊KPDF ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီးနောက် ကံပိုက်တည်၊ လွယ်ဂျယ် ၊ ပန်ဝါနယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီ၊စားသုံးကုန်နဲ့ လူသုံးကုန်၊အခြေခံစားသောက်ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တရုတ်ဘက်ကလာတဲ့ပစ္စည်းတွေတက်တာပါ အခုလောလောဆယ် ဒီဇယ်၊ ဓာတ်ဆီလည်းတရုတ်ကပဲဝင်တာလေး မနေ့ကထိတော့ ၆၀၀၀ ကနေ ဒီနေ့ ၇၀၀၀၊ ၈၀၀၀ အထိတက်သွားတယ်။ ကြက်ဥလည်းဈေးတက်တယ်၊အာလူးတို့ဈေးတက်တယ်”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ တရုတ်နယ်စပ်ဂိတ် မပိတ်ခင် ဓာတ်ဆီတစ်လီတာ ၆၀၀၀ (ခြောက်ထောင်) သာရှိပေမယ့် ဒီနေ့ တစ်လီတာ ၈၀၀၀ (ရှစ်ထောင်)၊ ကြက်ဥ တစ်လုံး ၈၀၀ (ရှစ်ရာ) ကနေ ၁၀၀၀ (တစ်ထောင်) ကျပ်၊ အားလူး ၁၀၀၀၀ (တစ်သောင်း) ကနေ ၁၃၀၀၀၊ (တစ်သောင်းသုံးထောင်)ကျပ် ၊ လက်ဖက်ခြောက်တစ်ထုတ် ကျပ် ၁၅၀၀ (တစ်ထောင့်ငါးရာ) ကနေ ၂၀၀၀ (နှစ်ထောင်) ဈေးတက်သွားပြီး အချိန်နဲ့အမျှ ဈေးတက်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “လောလောဆယ်တော့မပိတ်သေးဘူး နောက် လေးငါးဆယ်ရက်လောက်အေးဆေးရောင်းလို့ရတယ်။ ဆီလက်ကျန်က လမ်းဒီထက်ပိုကြာကြာပိတ်သွားရင်တော့ဆီလက်ကျန်ကုန်ပြီပိတ်ရမှာ အခုကတရုတ်ဆီပဲရောင်းနေရတာကိုး”လို့ ဆီပန့်အရောင်းဆိုင်တစ်မှအရောင်းဝန်ထမ်းတစ်ဦးရပြောပါတယ်။ မန္တလေး–မြစ်ကြီးနားလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည် နယ်လုံးမှာသုံးနေတဲ့စက်သုံးဆီတွေဟာ တရုတ်ဘက်ကဝင်လာတဲ့ဆီတွေဖြစ်ပြီးနယ်စပ်ဂိတ်ပေါက်တွေ ရက်ရှည်ပိတ်ထားရင်တော့ စက်သုံးဆီစျေးအဆမတန်မြင့်တက်တာ၊ စက်သုံးဆီပြတ်လပ်တာမှုတွေဖြစ်လာမှာကိုမြစ်ကြီးနားမြို့ခံတွေအထူးစိုးရိမ်နေကြပါတယ်။ ကချင်ပြည်နယ်ထဲက မြန်မာ–တရုတ်နယ်စပ်ဂိတ်သုံးခုကို ပန်ဝါမြို့သိမ်းတိုက်ပွဲ အပြီးမှာပဲ တရုတ်ဘက်က ရုတ်တရက်ပိတ်ချလိုက်တာဖြစ်ပါတယ်။ By – Zaw Zaw The post တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမှာ စက်သုံးဆီနဲ့ အခြေခံစားသေက်ကုန်ဈေးနှုန်းမြင့်တက် appeared first on Kachin News Group (KNG). Source link

ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ – Kachin News Group (KNG)

ကံပိုင်တည်မြို့ပေါ်မှာရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တွေ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်နေတဲ့ကြတဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုရန် လိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့  ကံပိုင်တည်စောင့်တပ်ဖြစ်တဲ့ စင်ကြိုင်ကျေးရွာ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIA သိမ်းပိုက်လိုက်ပြီးနောက် ကံပိုင်တည်မြို့ထဲရှိ နယ်ခြားစောင့်တပ်နဲ့ပြည်သူ့စစ်တပ်တွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ ကံပိုင်တည်မြို့ လက်မလွှတ်ရေး စစ်အင်အား ၅၀၀ ဝန်းကျင်ထပ်ဖြည့်ထားပြီး ခုခံတိုက်ခိုက်ဖို့ပြင်ဆင်နေပြီး တစ်ဖက်မှာလည်း မြို့အနိီးဝန်းကျင် စစ်ရှောင်နေတဲ့ပြည်သူတွေကို လိုက်ဖမ်းဆီးနေတယ်လို့ ကံပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုချိန်မှာ ကန်ပိုင်တည်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့တွေက အားလုံးပြေးကုန်ပြီ မရှိတော့ဘူး။ ပြေးလို့မရတဲ့ တစ်ချို့လူတွေလောက်ပဲရှိတော့တယ်။  ဘယ်လိုဖြစ်လာသလဲဆိုတော့ ရက်ပိုင်းအတွင်းမှာပဲ ပို့ထားတဲ့ စစ်ကောင်စီတပ်သားအများကြီးရှိလာတယ်။ သူတို့က နယ်ခြားစောင့်တပ်တွေကို အားကိုးပြီးနေရတော့ ခုနယ်ခြားစောင့်၊ပြည်သူ့စစ်တွေပြေးသွားတော့ သူတို့အတွက် အခက်ခဲရှိသွားတယ်ထင်တယ်။ အဲ့ကြောင့် အားလုံးကို ပြန်လာဖို့ခေါ်တယ်။ ဒါပေမယ့် ပြည်သူ့စစ်တွေက  ဘယ်သူမှမပြန်လာကြဘူး။ အဲ့ကြောင့် စစ်ပြေးနေကြတဲ့ ပြည်သူတွေက လူငယ်၊ လူလတ်။ လူကြီးပိုင်း အားလုံးကို လိုက်ဖမ်းနေတာ”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၂ ရက်နေ့ ကစတင်ပြီး ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြို့အနီးတဝိုက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို မြို့ထဲကို ပြန်ဝင်လာဖို့ လိုက်လံပြောဆိုနေသလို လူငယ်နဲ့ လူကြီးတွေကိုတော့ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေနဲ့  ထွက်ပြေးနေတဲ့ BGF တပ်တွေအနေနဲ့ ရွာထဲကို ဝင်မလာဘဲ ဆက်ပြီးထွက်ပြေးတိမ်းရှောင်နေပါက ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို မီရှို့ဖျက်ဆီးမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဆက်သိရပါတယ်။ လက်ရှိ ကံပိုင်တည်မြို့ထဲမှာ စစ်ကောင်စီတပ်သား စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိနေပြီး KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေ လူသားဒိုင်းအဖြစ် လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။ “စစ်သားတွေ ကိုယ်တိုင်လည်း ကံပိုင်တည်မြို့ပတ်ပတ်လည်တစ်ခုလုံးကို KIA တွေရှိနေပြီဆိုတာ သူတို့သိတယ်။ KIA ဝင်လာမှာကို သူတို့အရမ်းကြောက်နေတာ အဲ့ကြောင့် ပြည်သူတွေကိုခေါ်ပြီး လူသားဒိုင်းလုပ်ခိုင်းတဲ့သဘောပါ။ အခုတောင်မှ ဘာမှမဖြစ်သေးဘူး ပြည်သူတွေက တော်တော်လေးခြိမ်းခြောက်ခံနေရတဲ့ အခြေအနေမှာရှိနေပြီ။ KIA ဘက်ကလည်း တကယ်လို့ ဝင်လာပြီဆိုတာနဲ့ အခြေအနေတော်တော်ဆိုးသွားနိုင်ပါတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကတည်းကနေ လိုက်လံဖမ်းဆီးနေတာကြောင့် အရပ်သားပြည်သူတစ်ချို့ဖမ်းဆီးခံထားရပြီးတော့ ခြိမ်းခြောက်မှုထဲမှာ အမျိုးသမီးတွေကိုပါ ထပ်မံဖမ်းဆီးမယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ ရှိရင်းစွဲစစ်ကောင်စီတပ်သားတစ်ချို့နဲ့ ရက်ပိုင်းအတွင်း ပန်ဝါမြို့သိမ်းတိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်းကနေ ထွက်ပြေးလွတ်မြောက်လာသူများ၊ ဆဒုံးမြို့ဘက်ကနေ ထွက်ပြေးလာတဲ့သူများ၊ ရဟတ်ယာဉ်နဲ့ပို့ထားတဲ့ စစ်သား စုစုပေါင်း စစ်အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ ဒေသခံသတင်းအရင်းအမြစ်ရဲ့ ပြောဆိုချက်အရ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ပန်ဝါဘက်က လုပီနယ်ခြားစောင့်တပ် အမှတ် ၁၀၀၂ တပ်ရင်းနဲ့ စင်ကြိုင် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်က တာဝန်ရှိသူ အရှာရှိအားလုံးနီးပါး တရုတ်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ပြောပြပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာပဲ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လုပီ၊ စင်ကြိုင် စတဲ့ စစ်ဌာနချုပ်ရှိတဲ့ မြို့တွေကို KIA ပူးပေါင်းတပ်တွေက တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖီမော်ဘက်က အမှတ် ၁၀၀၁ တပ်ရင်းနဲ့ ချန်းမောခုန်း ဒေသတွေသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post ကံပိုင်တည်က BGF တပ်ဖွဲ့ ထွက်ပြေးသွားတဲ့အတွက် စစ်တပ်က လူသားဒိုင်းလုပ်ဖို့ ပြည်သူတွေကို လိုက်ဖမ်းဆီးနေ appeared first on Kachin News Group (KNG). Source link