မြန်မာ– တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ် ဒီညနေ ၅ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကနေ ကန်ပိုင်တည်မြို့ပေါ် ပစ်ခတ်မှုစတင်လာပြီး မွန်းလွှဲ ၂ နာရီဝန်းကျင် မြို့အတွင်း၊မြို့ပြင် နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုပိုစိပ်လာပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် ညနေပိုင်း ၅ နာရီခန့်မှာ ကန်ပိုင်တည် စစ်တပ်ကုန်းနဲ့ ရဲစခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီညနေ ၅ နာရီလောက်မှာ အပြီးသတ် သိမ်းလိုက်ပြီ။ ကန်ပိုင်တည်မှာရှိနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တရုတ်ပြည်ဘက်ခြမ်းကို နယ်မြေတံတိုင်းတွေ ကျော်ခွပြီး ထွက်ပြေးသွားကြကုန်ပြီ။ စစ်တပ်ကုန်းလည်း မီးရှို့ဖျက်ဆီးလိုက်ပြီ။ ရဲစခန်းမှာလည်း ကျနော်တို့အားလုံးနေရာယူလိုက်ပြီ။ ဟော်တယ်နေရာတွေမှာ ရှိနေတဲ့ စစ်သားတွေအားလုံးကိုလည်း ရှင်းလိုက်ပြီ။ အခုက လှိုင်ဂူဘက်မှာ နည်းနည်းလေးကျန်နေတယ် အဲလိုက်ဘက်မှာလိုက်ရှင်းနေတယ်”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်က လက်ရှိ စစ်တပ်ကုန်းနဲ့ ရဲစခန်းနေရာတွေကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ဆောက်လုပ်ထားတဲ့ လှိုင်ဂူတံတားဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံပစ်ခတ်ရှင်းလင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများပိုင်းတရုတ်ပြည်ဘက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေရှိသလို လက်နက်ပစ္စည်းအပါ ဖမ်းဆီးရမိတာတွေရှိတယ်လို့ သတင်းအရင်းအမြစ် ပြောပေမယ့် အသေးစိတ်သိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်တိုက်ပွဲဟာ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ငြိမ်သက်သွားပြီး စစ်တပ်ကုန်းတစ်ခုလုံး မီးလောင်းပျက်စီးနေတယ်လို့ ကန်ပိုင်တည် ဒေသခံ အမျိုးသားတစ်ဦးကလည်း KNG ကို အခုလိုပြောပါတယ်။ “သိမ်းလိုက်တာမှန်ပါတယ်။ စစ်တပ်ကုန်းမှာ မီးလောင်နေဆဲဖြစ်တယ်။ လက်ဝါးကားတိုင်ရှိတဲ့ ဘက်မှာ သေနတ်သံအနည်းငယ်ကြားနေရသေးတယ်။ ဆက်ရှင်းနေသေးတာလားတော့ မသိဘူး။ ညနေပိုင်း ၅ နာရီလောက်မှာ တိုက်ပွဲက ငြိမ်သွားတာဟုတ်တယ်”လို့ပြောပါတယ်။ နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်နေချိန် ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့လာရောက်ပစ်ခတ် တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ရန်အတွက် ကန်ပိုင်တည်မြို့နဲ့ ၁၅ မိနစ်ခန့်အကွာမှာရှိတဲ့ ဝေမောရွာမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး စစ်အင်အားထပ်မံတိုးချဲ့ပြီးနောက် ဒီမနက်ပိုင်း စတင်ထိုးစစ်ဆင်ကာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် ကန်ပိုင်တည်မြို့ပေါ်မှာ စစ်အင်အား ၈၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဒီကနေ့ တစ်ရက်လုံး KIA တက်လာနိုင်တဲ့ လမ်းကြောင်း နေရာတွေကို လက်နက်ကြီး ပစ်ခတ်ခြောက်လန့်တာတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်မြို့ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တတိယအကြီးဆုံး နယ်စပ်ဂိတ်ပေါက်ဝ မြို့တစ်ခုဖြစ်ပြီးတော့ ကချင်အထူးဒေသ(၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကချင်အထူးဒေသ(၁) နယ်မြေထဲမှာရှိတဲ့ KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ နယ်စပ်မြို့ကို ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ ကန်ပိုင်တည်မြို့တစ်ခုလုံး KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်းကနေ KIA တပ်တွေဟာ ကချင်အထူးဒေသ(၁) နယ်မြေ တရုတ်နယ်စပ်တစ်ကြောက ချီဖွေ၊ ဆော့လော်၊ ပန်ဝါ မြို့နဲ့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ရှိတဲ့ လုပီ၊ ၁၀၀၃ စင်ကြိုင် နဲ့ ၁၀၀၁ ဖီမော် နယ်ခြားစောင့်တပ်ရင်း ဌာနချုပ် အားလုံးကို တစ်လကျော်အတွင်းမှာပဲ အပြီးသတ်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ နယ်စပ်တစ်ကြောက ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နှစ်ပေါင်း ၅၀ ခန့်အကြာ ထိန်းချုပ်လာတဲ့ မြို့နေရာ နဲ့ တပ်ရင်းဌာနချုပ်တွေကို သိမ်းပိုက်လိုက်ပြီး ရက်ပေါင်း ၂၀ ခန့်အကြာမှာ နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုင်တည် နယ်စပ်မြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post နယ်ခြားစောင့်တပ်ရဲ့ နောက်ဆုံးကျန်နေတဲ့ ကံပိုင်တည်မြို့ကို တရုတ်ဖိအားကြားက KIA သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ appeared first on Kachin News Group (KNG). Source link
မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်မြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဝင်လာတော့မယ်လို့ သတင်းထွက်နေကြောင့် ဒီမနက်ပိုင်းကစပြီး စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျငစပြီး စစ်ကောင်စီတပ်တွေဟာ မြို့ထဲ စစ်တပ်ကုန်းနဲ့ ရဲစခန်းကနေ KIA တပ်ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းဘက်ကို ရမ်းသမ်းပစ်ခတ်နေတယ်လို့ ကန်ပိုင်တည်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ်က နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားနေပြီလို့ ပြောလို့မရသေးဘူး။ အခုပစ်နေတာက တစ်ဖက်ထဲပစ်တဲ့ အသံပဲ ကြားနေရတာဆိုတော့လေ။ ကန်ပိုင်တည်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ဒီကနေ့မနက်ပိုင်း ၁၀ လောက်ကနေ တစ်ဖက်တပ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ အခုချိန်အထိပါပဲ။ ဟိုးဘက်ကနေ တက်လာမှာကို စိုးရိမ်းပြီး ရမ်းသမ်းပစ်နေတာ။ ပြည်သူတွေကလည်းကြောက်လို့ အကုန်ထွက်ပြေးသွားကြပြီ။ မြို့ထဲမှာ ဘယ်သူမှမရှိတော့ဘူး”လို့ပြောပါတယ်။ နေ့လည် ၁၂ နာရီဝန်းကျင်အထိ ကန်ပိုင်တည်မြို့အဝင်အနီး ဘာဒေါန့် မရောက်မှီ လယ်ကွင်းအနီးတဝိုက်နဲ့ မြို့ပြင် တောင်ကုန်းနေရာဘက်ကို မရပ်မနားပစ်နေတယ်လို့ ပြောပါတယ်။ စစ်တပ်ဘက်က ခုလို မြို့တွင်း လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်လာတာဟာ ကန်ပိုင်တည်မြို့ မရောက်မှီ ဝေမောကျေးရွာမှာ KIA ဘက်က နိုင်ဝင်ဘာလ ၁၉ ရက်နေ့စပြီး စစ်အင်အားထပ်မံဖြည့်တင်းနေတယ်ဆိုတဲ့သတင်းအပြင် တစ်ဖက်မှာ မြို့ထဲကိုလည်း ဝင်လာတော့မယ်ဆိုတဲ့သတင်းတွေကြောင့် ဖြစ်တယ်လို့ ကန်ပိုင်တည်ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပစ်ခတ်မှုမစခင် နိုဝင်ဘာလ ၁၉ ရက်ည ကန်ပိုင်တည်ဒေသခံပြည်သူတွေကို KIA တပ် မြို့ထဲဝင်ဖို့ ပြင်နေတာကြောင့် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်မယ်ဆိုတဲ့အကြောင်း ကြိုတင်ပြောဆိုထားတာရှိတဲ့အတွက် ဒေသခံအများပိုင်း လုံခြုံရေးအတွက်စိုးရိမ်ပြီး ညတွင်းချင်း ထပ်မံတိမ်းရှောင်ထားကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အထိ KIA ဘက်ကနေ ပြန်လည်ပစ်ခတ်တာတွေမရှိသေးပေမယ့် နှစ်ဖက်စစ်ရေးတင်းမာတဲ့ အခြေအနေဖြစ်နေတဲ့အတွက် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “အခုချိန်မှာက နှစ်ဖက်စစ်တပ် တင်းမာနေတဲ့ အခြေအနေမှာတော့ ရှိနေတယ်လို့ ပြောလို့ရတယ်။ ပြောရရင် တစ်ယောက်နဲ့ တစ်ယောက်ခြိမ်းခြောက်နေကြတာပေါ့။ ဘာလို့လဲဆိုတော့ ကန်ပိုင်တည်မှာလည်း စစ်သားတွေက အများကြီး။ ပြီးရင် KIA တွေကလည်း ကန်ပိုင်တည်အနီးအနားမှာ ပြီးခဲ့တဲ့ စင်ကြိုင် နယ်ခြားစောင့်တပ်သိမ်းပြီးကတည်းက ဝေမေားရွာတွေမှာ နေရာယူထားကြတယ်ဆိုတော့ တိုက်ပွဲက ဖြစ်လာဖို့ဘဲရှိတယ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီဘက်ကနေ KIA ပူးပေါင်းတပ်တိုက်ခိုက်လာမှာကို စိုးရိမ်ပြီး လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် တရုတ်ဘက်ကနေ ပြန်လည်ဖွင့်ထားပေးတဲ့ နယ်စပ်ဂိတ်ဝကို ပြန်လည်ပိတ်သွားမှာကို စိုရိမ်နေကြပါတယ်။ ကန်ပိုင်တည်မြို့တွင်း ပစ်ခတ်မှုဟာ စစ်ကောင်စီတပ်ဘက်က တစ်ဖက်သပ်ပစ်ခတ်မှုသာဖြစ်တယ်လို့ ဒေသခံတစ်ချို့ပြောဆိုနေကြပေမယ့် ပစ်ခတ်မှုအသေးစိတ်ကို KNG က စုံစမ်းနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တရုတ်နယ်စပ်နဲ့ထိစပ်နေတဲ့ ပန်ဝါမြို့ကို စက်တင်ဘာလအတွင်း KIA သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ဂိတ်အားလုံးကို တရုတ်အစိုးရက ပိတ်လိုက်တာဖြစ်ပါတယ်။ ကန်ပိုင်တည်နယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တရုတ်အစိုးရက ပြန်လည်ဖွင့်ပေးထားပြီး စက်သုံးဆီကလွဲပြီး စားသောက်ကုန်ပစ္စည်းတင်တဲ့ ကုန်ကားတစ်ချို့ကိုလည်း ကချင်ပြည်နယ်ထဲကို ပြန်လည်ဝင်ခွင့်ပြုနေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်) The post ကန်ပိုင်တည်မြို့ထဲ KIA ဝင်လာတော့မယ်လို့သတင်းထွက်နေတာကြောင့် စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေ appeared first on Kachin News Group (KNG). Source link
(တစ်ပတ်တာတိုက်ပွဲသတင်း) ပြီးခဲ့တဲ့ ရက်သတ္တပါတ်ကတော့ ကချင်အထူးဒေသ (၁) နယ်ခြားစောင့်တပ်ရဲ့ဌာနချုပ်ဖြစ်တဲ့ ပန်ဝါမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ကျန်ရှိနေသေးတဲ့ နယ်ခြားစောင့်တပ်ကြီးစိုးနေတဲ့ ကန်ပိုင်တည်ဒေသက တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး ကချင်ပြည်နယ်မှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ Post navigation Source link