မွန်နှင့်တနင်္သာရီဒေသတို့တွင် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်၊ ဒေါနတပ်ရင်း အမည်ကို အလွဲသုံးစားပြု၍ ဆက်ကြေးကောက်ခံခြင်းနှင့် လောင်းကစားဝိုင်းများ ခွင့်ပြုခြင်းတို့ တွေ့ရှိပါက သက်သေနှင့်တကွ တိုင်ကြားနိုင်သည်ဟု ယင်းတပ်ရင်း က နိုဝင်ဘာလ ၂၉ ရက်က အသိပေးထုတ်ပြန်သည်။ ယင်းသို့ ဆက်ကြေးကောက်ခြင်း၊ လောင်းကစားဝိုင်းခွင့်ပြုခြင်း စသည့် အကျင့်ပျက်မှု၊ အနိုင်ကျင့်မှုများကို ဒေါနတပ်ရင်း စတင်စုဖွဲ့ချိန်မှစ၍ ယနေ့အထိ မပြုလုပ်ခဲ့သလို နောက်တွင်လည်း ပြုလုပ်မည် မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒေါနတပ်ရင်း အမည်ကို အလွဲသုံးစားပြု၍ ငွေကြေးကောက်ခံခြင်းများကို ထုတ်ပြန်ချက် မထုတ်မီကပင် တိုင်ကြားမှုများရှိနေပြီး တိုင်ကြားခံထားရသည့်အမှုများတွင် တနင်္သာရီတိုင်းမှ အမှုများလည်းပါဝင်သည်ဟု ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင် ကဆိုသည် ။ “အလွဲသုံးစားမှုတွေ တနင်္သာရီတိုင်းထဲမှာလည်း ရှိပါတယ်၊ ဖြေရှင်းပေးနေတာတွေလည်း ရှိပါတယ်။ လိုင်းပေါ်ကနေလဲ အမည်အလွဲသုံးပြီး လိမ်ညာကောက်ခံတာတွေရှိနေပါတယ်” […]