ylliX - Online Advertising Network
စစ်ကောင်စီအရေးပေါ်လိုငွေနှင့် အာမခံကုမ္ပဏီကြီးများ၏ကျားကန်ပေးမှု - Myanmar Now

စစ်ကောင်စီအရေးပေါ်လိုငွေနှင့် အာမခံကုမ္ပဏီကြီးများ၏ကျားကန်ပေးမှု – Myanmar Now


စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာအရေးယူပိတ်ဆို့မှု၊ အထွေထွေစီးပွားရေးပြိုကျမှုတို့နှင့် ရင်ဆိုင်နေရသလို  နိုင်ငံအနှံ့စစ်မျက်နှာ ဖွင့်ထားရသဖြင့် စစ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲနေသည့် စစ်ကောင်စီအတွက် နှစ်စဉ်ငွေကြေးလိုအပ်ချက် ​စံချိန်တင်မြင့်တက်လာသည်။

အရေးပေါ်ဘက်ဂျက်လိုငွေဖြည့်ဆည်းရန် နိုင်ငံတကာချေးငွေနှင့် ထောက်ပံ့ကူညီမှုများမရသည့် စစ်ကောင်စီက ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များဆက်တိုက်ထုတ်ဝေရောင်းချကာ ပြည်တွင်းရှိ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများထံမှ အဓိကထားငွေချေးယူနေရသည်။

စစ်ကောင်စီ ရောင်းချသော ကျပ်သန်းထောင်ပေါင်းများစွာတန်ကြေးရှိသည့် ထိုငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ပြည်တွင်းပုဂ္ဂလိကဘဏ်များက အများဆုံးဝယ်ယူသည့်နည်းတူ မြန်မာတွင် လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသည့် နိုင်ငံတကာအာမခံကုမ္ပဏီကြီးများလည်း ပင်မထောက်တိုင်အဖြစ် ပါဝင်ဝယ်ယူနေကြောင်း Myanmar Now က လေ့လာတွေ့ရှိရသည်။

Myanmar Now က ရရှိထားသော အာမခံကုမ္ပဏီအချို့၏ အခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းများအရ ကုမ္ပဏီ ၃ ခုက ၂၀၂၁ စက်တင်ဘာတွင် ကျပ်ဘီလျံ ၅၀ နီးပါးတန်ဖိုးရှိ ငွေတိုက်စာချုပ်နှင့်လက်မှတ်များ ဝယ်ယူထားသည်။  ကုမ္ပဏီ ၃ ခုမှာ ဟောင်ကောင်အခြေစိုက် AIA ကုမ္ပဏီ၊ ဂျပန်အခြေစိုက် Tokio Marine နှင့် Nippon Life Insurance ကုမ္ပဏီတို့ ဖြစ်သည်။  Tokio Marine နှင့် Nippon Life Insurance တို့သည် ရွှေတောင်ကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးအိုက်ထွန်း၏ Grand Guardian အာမခံကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်နေသည်။ 

စစ်အာဏာသိမ်းပြီး ၈ လအကြာကာလတွင် ဝယ်ယူထားသည့် ထိုကုမ္ပဏီသုံးခု၏  ငွေတိုက်စာချုပ်တန်ဖိုးအချက်လက်ကိုသာ Myanmar Now က ရရှိထားပြီး လက်ရှိကာလ ဝယ်ယူမှုအခြေအနေအသေးစိတ်ကို မသိရသေးပေ။ သို့သော် အာမခံဥပဒေအရ ငွေတိုက်စာချုပ်များ မဖြစ်မနေဝယ်ယူရန် သတ်မှတ်ထားခြင်း၊ အခြားရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းမရှိခြင်းတို့ကြောင့် ထိုစာချုပ်နှင့်လက်မှတ်များကို ဆက်လက်ဝယ်ယူနေသည်ဟု အာမခံလုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။ 

ထိုပမာဏသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် စစ်ကောင်စီ စစ်ရေးအသုံးစရိတ် ကျပ်ဘီလျံ ၅၆၃၅ ၏ ၁ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့် ပြည်တွင်းအာမခံကုမ္ပဏီ စုစုပေါင်း ၂၇ ခုခန့် လုပ်ငန်းလည်ပတ်နေသည်ဖြစ်ရာ ကုမ္ပဏီအားလုံးက ဝယ်ယူကြလျှင် ကျပ်ဘီလျံပေါင်းများစွာရှိမည် ဖြစ်သည်။

အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို ပစ်ခတ်သတ်ဖြတ်ရာမှ နိုင်ငံအနှံ့ ပေါ်ပေါက်လာသော ခုခံစစ်ကို ရင်ဆိုင်နေရသည့် စစ်ကောင်စီ လက်ထက်တွင် စစ်ရေးအသုံးစရိတ် စံချိန်တင်တိုးမြှင့်မှုနှင့်အတူ ဘဏ္ဍာရေးလိုငွေအကြီးကျယ်ပြလျက်ရှိသည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍနှစ်ခု၏ အသုံးစရိတ်မှာ ကျပ်ဘီလျံပေါင်း ၃၀၀၀ သာ ရှိရာ စစ်စရိတ်သည် ထိုကဏ္ဍနှစ်ခုလုံး၏ အသုံးစရိတ်ထက် နှစ်ဆပိုများလေသည်။

စစ်အသုံးစရိတ်များသော စစ်ကောင်စီ၏ ဘက်ဂျက်ကို ငွေထောက်ပံ့ရာရောက်၍ ငွေတိုက်စာချုပ်နှင့် လက်မှတ်များမဝယ်ယူရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် အာဏာသိမ်းမှု ဆန့်ကျင်သူတို့က တိုက်တွန်းနေကြသော်လည်း ဘဏ်များ၊ အာမခံကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ဝယ်ယူမှုကို ရပ်တန့်နိုင်ခြင်းမရှိဘဲ စစ်တပ်၏ အရေးပေါ်ဘဏ္ဍာရေး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သည့်နည်းလမ်းအဖြစ် ဆက်လက်တည်ရှိနေသည်။

နိုင်ငံတကာအာမခံကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေသည့် စစ်တပ်၏ ဘဏ္ဍာရေးလိုငွေဖြည့်တင်းမှု 

အထက်ပါကုမ္ပဏီ ၃ ခုက ဝယ်ယူထားသော ပမာဏမှာ စစ်ကောင်စီ၏ ဗဟိုဘဏ်အွန်လိုင်းငွေလဲနှုန်း တစ်ဒေါ်လာ ၃၅၄၃ ကျပ်ခန့်ဖြင့် တွက်ချက်ပါက  ဒေါ်လာ ၁၄ သန်းဝန်းကျင်ရှိသည်။ ထိုပမာဏသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၂၀၂၁ နှစ်ကုန်ပိုင်းတွင် စတင်ရောင်းချသော နွေဦးတော်လှန်ရေးငွေတိုက်စာချုပ်ရောင်းရငွေ ဒေါ်လာ ၄၄ သန်း၏ သုံးပုံတစ်ပုံခန့်နှင့် ညီမျှသည်။ 

ယခင်စစ်အာဏာရှင်အစဉ်အဆက်က အသုံးစရိတ်လိုငွေကို ရေနံ၊ ကျွန်းသစ်၊ ကျောက်စိမ်းအစရှိသည့် သယံဇာတရောင်းချငွေများဖြင့် ကျားကန်သုံးစွဲခဲ့ရာမှ စစ်ကောင်စီလက်ထက်တွင် နိုင်ငံတကာပိတ်ဆို့မှု၊ သဘာဝသယံဇာတများ အကန့်အသတ်ရှိမှုတို့ကြောင့် ရနိုင်သမျှငွေကြေးကို စုဆောင်းအသုံးပြုရသည့် အခြေအနေဖြစ်ကြောင်း စီပွားရေးလေ့လာသူများက ပြောသည်။ 

အာမခံကုမ္ပဏီများအပါအဝင် ဘဏ္ဍာရေးအဖွဲ့အစည်းများကို ငွေတိုက်စာချုပ်ရောင်းချခြင်းမှာ အစိုးရအဖွဲ့စည်းများ လုပ်လေ့ရှိပြီး ငွေကြေးဖောင်းပွမှုထိန်း၍ ဘက်ဂျက်လိုငွေဖြည့်ဆည်းနိုင်သော နည်းလမ်းတစ်ရပ်ဖြစ်သော်လည်း စစ်ကောင်စီကမူ ဆေးကို အဆိပ်အဖြစ်အသုံးပြုနေကြောင်း ဘဏ်အရာရှိဟောင်းတစ်ဦးလည်းဖြစ်၊ ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ဦးတင့်လွင် ပြောသည်။ 



“Bond (ငွေတိုက်စာချုပ်)တွေ၊ Bill (ငွေတိုက်လက်မှတ်)တွေ ကို ရောင်းရင်း တဖက်က ငွေစက္ကူကို ရိုက်နေတော့ ငွေဖောင်းပွမှုက အလွန်အကျွံဖြစ်ပြီး ပြည်သူက ကုန်စျေးနှုန်းကြီးတဲ့ဒဏ်၊ ကုန်စည်ရှားပါးတဲ့ဒဏ်တွေကို လှိမ့်ခံရပါတယ်။ တဖက်မှာတော့ ဒီလို နည်းမျိုးစုံနဲ့ ရှာလို့ရတဲ့ ဘဏ္ဍာငွေကို အပြစ်မဲ့ပြည်သူကို ရက်စက်စွာ သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ စရိတ်အဖြစ် သုံးနေတော့ Bond, Bill ဝယ်ယူသူတွေဟာ စစ်ရာဇဝတ်ကောင်ရဲ့ ကြံရာပါတွေ၊ အားပေးအားမြှောက်တွေ ဖြစ်နေပါတော့တယ်” ဟု သူက ဆိုသည်။ 

မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် ဟောင်ကောင်၊ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဂျပန် စသည့်နိုင်ငံတို့မှ ကမ္ဘာ့ထိပ်တန်းအာမခံကုမ္ပဏီများဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပြီး ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ၅ ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ ၃ ခုနှင့် နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီ ၉ ခုအထိ ရှိသည်။ 

ထို့ပြင် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအပါဝင် ပြည်တွင်းပြည်ပ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံ ကုမ္ပဏီ ၆ ခု ရှိရာ အသက်နှင့် အထွေထွေအာမခံကုမ္ပဏီစုစုပေါင်း ၂၇ ခုထိရှိကြောင်း စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၄ စက်တင်ဘာ ၁၁  ရက် ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အသက်အာမခံကုမ္ပဏီအတွက် အနည်းဆုံးမတည်ရင်းနှီးငွေ ကျပ် ၆ ဘီလျံ၊ အထွေထွေအာမခံအတွက် ၄၀ ဘီလျံနှင့် နှစ်မျိုးစလုံးလုပ်ကိုင်လျှင် ၄၆ ဘီလျံသတ်မှတ်ထားပြီး ထိုမတည်ငွေ၏ ၃၀ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံကာ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များရင်းနှီးမြှုပ်နှံရမည်ဟု သတ်မှတ်ထားသည်။ ထို့အပြင် မတည်ငွေ၏ ၁၀ ရာခိုင်နှုန်းကိုလည်း စပေါ်ငွေအဖြစ် ထိုဘဏ်တွင် အပ်နှံထားရသည်။

စစ်အာဏာမသိမ်းမီ ၂၀၂၀ စက်တင်ဘာလကုန်တွင် AIA Myanmar သည် ကျပ် ၈ ဘီလျံကျော်သာ ငွေတိုက်စာချုပ်များ ဝယ်ယူခဲ့သော်လည်း အာဏာသိမ်းပြီး ၂၀၂၁ စက်တင်ဘာ လကုန်တွင် ကျပ် ၁၅ ဘီလျံကျော်အထိ တိုးမြှင့်ဝယ်ယူလိုက်ကြောင်း Myanmar Now က ရရှိထားသည့် ကုမ္ပဏီ၏ အခွန်နှင် ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းများတွင် တွေ့ရသည်။

NLD  အစိုးရလက်ထက် ၂၀၁၉ နိုဝင်ဘာတွင် နိုင်ငံခြားသား ရှယ်ရာပိုင်ဆိုင်ခွင့် ၁၀၀ ရာခိုင်နှုန်းပြည့် ရှိခဲ့သော ဟောင်ကောင်အခြေစိုက် AIA ကုမ္ပဏီသည် AIA Myanmar Life Insurance ကုမ္ပဏီအမည်ဖြင့် လည်ပတ်လုပ်ကိုင်နေသည်။

မိခင်ကုမ္ပဏီ AIA သည် ၁၉၁၉ ခုနှစ် ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး အသက်အာမခံလုပ်ငန်းအရ အာရှ-ပစိဖိတ်ဒေသတွင် ဈေးကွက်ဦးဆောင်သူဖြစ်ပြီး နိုင်ငံပေါင်း ၁၆ ခုတွင် နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သော အသက်အာမခံကုမ္ပဏီများရှိသည်ဟု ကုမ္ပဏီ၏အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ 

AIA အာမခံကုမ္ပဏီ၏ လက်ရှိကာလ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များဝယ်ယူမှုအခြေအနေ၊ စစ်ကောင်စီအတွက် ဘဏ္ဍာငွေဖြည့်ဆည်းပေးရာရောက်နေခြင်းတို့နှင့် ပတ်သက်ပြီး  ရန်ကုန်ရှိ AIA Myanmar Life Insurance ကုမ္ပဏီ၊ AIA ကုမ္ပဏီရုံးချုပ်တို့ကို Myanmar Now က နိုဝင်ဘာလဆန်းတွင် အီးမေးဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေဆိုခြင်း မရှိပေ။ 

နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးအိုက်ထွန်း၏ ကုမ္ပဏီတစ်ခုဖြစ်သော  Grand Guardian က ၆၅ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီ Tokio Marine က ၃၅ ရာခိုင်နှုန်းဖြင့်  ဖက်စပ်လုပ်ကိုင်နေသည့် Grand Guardian Tokio Marine General insurance ကုမ္ပဏီကလည်း အာဏာသိမ်းပြီး ၈ လအကြာ ၂၀၂၁ စက်တင်ဘာလကုန်ထိ   ကျပ် ၂၂ ဘီလျံကျော်တန်ဖိုးရှိသည့် ငွေတိုက်စာချုပ်များ ဝယ်ယူထားကြောင်း ကုမ္ပဏီအခွန်မှတ်တမ်းများတွင် တွေ့ရသည်။ 

ဦးအိုက်ထွန်း၏ ရွှေတောင်အုပ်စုသည်  ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ ဘိလပ်မြေလုပ်ငန်း၊ စျေးဝယ်စင်တာ၊ ဟိုတယ်လုပ်ငန်း၊ စွမ်းအင်၊ BMW မော်တော်ကားတင်သွင်းခြင်း စသည့်   နယ်ပယ်များတွင်လည်း ကုမ္ပဏီလုပ်ငန်းခွဲများစွာ ထူထောင်လုပ်ကိုင်နေသည့် လုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။ 

Tokio Marine  သည် ၁၈၇၉ ခုနှစ်တွင်တည်ထောင်ခဲ့သည့်  ဂျပန်နိုင်ငံ၏ ပထမဆုံးအာမခံကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၄၅ ခုတွင် လုပ်ငန်းလည်ပတ်နေသည်ဟု သိရသည်။

GGI နှင့် နောက်ထပ်ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သော Nippon Life ဖက်စပ်ထူထောင်ထားသည့် Grand Guardian Nippon Life အသက်အာမခံကုမ္ပဏီ၏ ငွေတိုက်စာချုပ်ဝယ်ယူမှုပမာဏမှာလည်း ကျပ် ၁၁ ဘီလျံကျော်ရှိကြောင်း ကုမ္ပဏီအခွန်မှတ်တမ်းများတွင် တွေ့ရသည်။  Nippon Life ကုမ္ပဏီမှာလည်း ဂျပန်နိုင်ငံ၏ ထိပ်တန်းအသက်အာမခံကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံရှိ ဖက်စပ်အာမခံလုပ်ငန်းဖြစ်သော Guardian Nippon Life ဖက်စပ်ကုမ္ပဏီတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။ 

ထိုကုမ္ပဏီနှစ်ခု၏ လက်ရှိကာလ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များဝယ်ယူမှုအခြေအနေ၊ စစ်ကောင်စီအတွက် ဘဏ္ဍာငွေဖြည့်ဆည်းပေးရာရောက်နေခြင်းတို့နှင့် ပတ်သက်ပြီး  အထက်ပါ ဂျပန်ကုမ္ပဏီနှစ်ခုကို Myanmar Now က နိုဝင်ဘာလဆန်းတွင် အီးမေးပို့ပြီး ဆက်သွယ်မေးမြန်းခဲ့သည်။ သို့သော်လည်း တုံ့ပြန်ဖြေဆိုကြခြင်းမရှိသေးပေ။ 

ထိုကုမ္ပဏီကြီး ၃ ခုသည် နိုင်ငံတကာထိပ်တန်းအာမခံကုမ္ပဏီများဖြစ်သလို မြန်မာ့အာမခံဈေးကွက်တွင် ဈေးကွက်ဝေစုအများဆုံးရနေသည်။

ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်ဝယ်ယူနေသာ အခြားအာမခံကုမ္ပဏီများ 

အခြားနိုင်ငံတကာအသက်ကုမ္ပဏီများဖြစ်သည့် အမေရိကန် Chubb, ကနေဒါ Manulife, ဗြိတိန်တွင် စတင်တည်ထောင်ခဲ့သော Prudential နှင့် ဂျပန် Dai-ichi Life တို့လည်း ရန်ကုန်တွင် လုပ်ငန်းလည်ပတ်နေပြီး စစ်ကောင်စီ ရောင်းချသည့် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ဝယ်ယူနေကြသည်။  

ထို့အပြင် ခေတ်အဆက်ဆက် စစ်အစိုးရများနှင့် အဆင်ပြေကြသည့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း၊ ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇ၊ ဧရာဝတီဘဏ်ပိုင်ရှင် ဦးဇော်ဇော်၊ စီဘီဘဏ်သူဌေး ဦးခင်မောင်အေး အစရှိသည့် မြန်မာခရိုနီလုပ်ငန်းရှင်ကြီးများက ပြည်တွင်း အာမခံကုမ္ပဏီများကို ထူထောင်ပိုင်ဆိုင်ထားကြသည်။

စစ်တပ်ထူထောင်ခဲ့သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) လက်အောက်ခံ Aung Myint Moh Min Insurance Co, Ltd အသက်အာမခံကုမ္ပဏီ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) လက်အောက်ခံ Aung Thitsa Oo Insurance Co, Ltd  အထွေထွေအာမခံကုမ္ပဏီများလည်းရှိနေသည်။ စစ်တပ်တစ်ခုလုံး Aung Myint Moh Min Insurance Co, Ltd တွင် မထားမနေရစနစ်ဖြင့် အာမခံထားခိုင်းပြီး စစ်သည်၊ အရာရှိများ၏ ချွေးနှဲစာလစာထဲမှ အသက်အာမခံကြေး ပုံမှန်ရယူနေသည်။

ထိုကုမ္ပဏီအနေဖြင့်၂၀၁၄-၁၅ တွင် စစ်သားများထံမှ အာမခံပရီမီယံကြေး ကျပ် ၆၂၃ သန်းကျော်သာ ရှိသော်လည်း ၂၀၁၈-၁၉ တွင် ကျပ် ၂၃ ဘီလျံကျော်အထိ ရှိလာကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာန ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့အတွက် ၂၀၁၉ ဒီဇင်ဘာတွင် တင်သွင်းသော စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။ ယနေ့အချိန်ထိ မြန်မာနိုင်ငံရှိ အသက်အာမခံကုမ္ပဏီအားလုံးထက် စစ်တပ်ပိုင်ကုမ္ပဏီသည် ပရီမီယံကြေးအများဆုံးရနေသည်ဟု သိရသည်။ 

စင်စစ်အားဖြင့် ငွေကြေးအရင်းအနှီးရှာဖွေစုဆောင်းနေသောလုပ်ငန်းများဖြစ်သည့် ဘဏ်၊ အာမခံနှင့် ငွေချေးသက်သေခံကုမ္ပဏီတို့ကို စစ်တပ်ပိုင်ကုမ္ပဏီများ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့နှင့် နီးစပ်သည့် ခရိုနီလုပ်ငန်းရှင်ကြီးများက အဓိကပိုင်ဆိုင်ထားသည်။ 

တစ်ကြော့ပြန်အာဏာသိမ်းသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ၏ ဘဏ္ဍာရေးလိုငွေအတွက်  စစ်တပ်ထိန်းချုပ် နိုင်ငံပိုင်ဘဏ်များ၊ ခရိုနီကြီးတို့၏ ကုမ္ပဏီများကပင် ထောက်ကူပေးနေသည်။

ထိုငွေတိုက်စာချုပ်များကို သာမာန်ပြည်သူတို့ ဝယ်ယူနိုင်ခြင်းမရှိသဖြင့် စစ်ကောင်စီက ထိုကုမ္ပဏီကြီးများကို မဖြစ်မနေ ဝယ်ယူခိုင်းကြောင်း၊ ထိုကုမ္ပဏီများကလည်း စီပွားရေးခြေကုတ်ယူရန်နှင့် အခြားအကျိုးစီးပွားများရှိနေ၍ ဝယ်ယူနေပုံရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ စီးပွားရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိန်ဌေးက ပြောသည်။

“အုပ်စိုးတဲ့လူက ပြည်သူလူထုအကျိုးကို လုံးဝမကြည့်ဘဲ သတ်တဲ့ဖြတ်တဲ့အဆင့် ရောက်သွားပြီဗျာ။ အဲ့ဒါတွေကို ဆက်ပြီးမှ နှုတ်ထွတ်တာမျိုးမလုပ်ဘဲနဲ့ ဆက်ပြီးတော့ အရှုံးခံလို့ဖြစ်စေ၊ အမြတ်လေး နည်းနည်းပါးပါးကြောင့်ဖြစ်စေ၊ အမြတ်အများကြီးရလို့ဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် အကျိုးစီးပွားကို မျှော်ကိုးပြီးမှ လုပ်တယ်ဆိုရင်တော့ ဒါက မလုပ်သင့်မလုပ်ထိုက်တာဖြစ်တယ်” ဟု စီးပွားရေးလေ့လာသုံးသပ်သူ  ဦးစိန်ဌေးက ဆိုသည်။ 

ပြည်သူလူထုအပေါ် အရက်စက်ဆုံးစစ်ပွဲဆင်နွှဲနေသည့် စစ်ကောင်စီကို ဘဏ္ဍာငွေပံ့ပိုးကူညီခြင်းသည် စစ်တပ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးရာရောက်ကြောင်း  ရန်ကုန်မှ အာမခံလုပ်ငန်းနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးကလည်း မှတ်ချက်ပြုသည်။ 

“စစ်တပ်အတွက် တကယ့်ထောက်တိုင်ကြီးတွေအနေနဲ့ ရပ်တည်နေကြတယ်ပြောရမှာပါ။ သိသိကြီးနဲ့ကို မိမိတို့ကိုယ်ကျိုးစီးပွားရှေ့ရှုပြီး တမင်ကူညီနေကြတာပါ။ မတရားမှုအားပေး၊ အပြစ်မရှိပြည်သူတွေကို မတရားသတ်ဖြတ်နေတဲ့ ရာဇဝတ်မှုတွေကို ကူညီပံပိုးနေကြတာပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသမီးက ပြောသည်။

ငွေတိုက်စာချုပ်(Treasury Bond) နှင့် ငွေတိုက်လက်မှတ်(Treasury Bills) ဆိုသည်မှာ ပုံမှန်အားဖြင့် အစိုးရတစ်ရပ်က ဘတ်ဂျက်လိုငွေပေါ်ပေါက်လာချိန် ထိုလိုငွေကို ဖြည့်ဆည်းရန် ငွေ‌ချေးသက်သေခံ စာချုပ်ထုတ်ဝေ၍ အများပြည်သူထံက ငွေချေးယူသည့် နည်းလမ်းတစ်ခုဖြစ်သည်။

ထိုငွေချေးစာချုပ်များကို စစ်ကောင်စီ၏ စီမံဘဏ္ဍာဝန်ကြီးဌာနလက်အောက်ခံ ငွေတိုက်ဦးစီးဌာနက ထုတ်ဝေ၍ ဗဟိုဘဏ်က ကိုယ်စားလှယ်အဖြစ် ထုတ်ဝေရောင်းချသည်။ တစ်နှစ်အောက် သက်တမ်းရှိ ငွေတိုက်လက်မှတ်ကို တစ်လနှစ်ကြိမ်၊ တစ်နှစ်အထက် သက်တမ်းရှိသော ငွေတိုက်စာချုပ်များကို တစ်လတစ်ကြိမ် ထုတ်ဝေရောင်းချနေသည်။ နှစ်စဉ်ရောင်းချမှုတန်ဖိုးမှာ ကျပ်ထရီလီယံချီရှိသည်။

စစ်တပ်ထိန်းချုပ် ဗဟိုဘဏ်၏ ဘဏ္ဍာရေးအစီရင်ခံစာများတွင် ငွေတိုက်စာချုပ်နှင့် လက်မှတ်များကို နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်နှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများထံ တိုက်ရိုက်ရောင်းချနေပြီး အာမခံကုမ္ပဏီများ၊ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုလည်း ငွေချေးသက်သေခံကုမ္ပဏီများမှတစ်ဆင့် ရောင်းချနေသည်ဟု ဖော်ပြထားသည်။

စစ်တပ်လက်ခုပ်ထဲကရေ (သို့မဟုတ်) ရင်းနှီးရန် ငွေတိုက်စာချုပ်သာရှိသော အာမခံကုမ္ပဏီများ 

အာမခံကုမ္ပဏီတို့သည် ဘဏ်များနည်းတူ ငွေကြေးအရင်းအနှီးစုဆောင်းနိုင်သည့် လုပ်ငန်းများဖြစ်သည်။ ဘဏ်များက ပြည်သူတို့၏ ဘဏ်အပ်ငွေကို စီပွားရေးလုပ်ငန်းများတွင် အသုံးပြုရန် ထုတ်ချေးနိုင်သော်လည်း အာမခံကုမ္ပဏီများမှာမူ စစ်ကောင်စီရောင်းချသော ငွေချေးစာချုပ်များမှ လွဲ၍ အခြားရင်းနှီးရန်မရှိပေ။ 

ဝယ်ထားသည့် ငွေတိုက်စာချုပ်များ သက်တမ်းပြည့်သွားလျှင် အသစ်ထပ်မံရောင်းချသည့်စာချုပ်ကို ဆက်လက်ဝယ်ယူရမည်ဖြစ်သည်။ ထိုသို့ ဝယ်ယူရန်သတ်မှတ်သည်သာမက အာမခံကုမ္ပဏီများသည် မတည်ငွေအပါဝင် အာမခံထားသူတို့ထံမှ ရရှိလာသော အာမခံပရီမီယံကြေးများကို နိုင်ငံတကာကဲ့သို့ အလားလာကောင်းသည့် စီပွားရေးလုပ်ငန်းကြီးများတွင် ရင်းနှီးမြှုပ်နှံခွင့်လည်း ကန့်သတ်ထားသည်။ 

ထို့ကြောင့် ရှိသည့်ငွေများကို အတိုးရနိုင်သည့် ငွေတိုက်စာချုပ်များတွင်သာ ပုံအောဝယ်ယူလေ့ရှိကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးဘုတ်အဖွဲ့(IBRB) အဖွဲ့ဝင်ဟောင်းနှင့် အာမခံလုပ်ငန်းတွင် နှစ်ပေါင်း ၅၀ ကြာ လုပ်သက်အတွေ့အကြုံရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“(အာမခံပရီမီယံကြေး) အကုန်လုံးကို လျော်ရတာမဟုတ်ဘူး။ Invest လုပ်တယ်။ ကျွန်တော်သိတာတော့ ဗဟိုဘဏ်ကနေ Bonds (ငွေတိုက်စာချုပ်) တွေထုတ်ရောင်းတယ်။  Bonds တွေထုတ်ရောင်းတော့ ကျွန်တော်တို့က အဲ့ဒီထဲမှာ လေလံ ဝင်ဆွဲရတယ်။ ဘယ်လောက်နှုန်းထားနဲ့ အတိုးရရင်ဝယ်ပါမယ်ဆိုပြီး ဝယ်တယ်။ ဒီတစ်ခုပဲ Investment(ရင်းနှီးမြှုပ်နှံရန်) ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အာမခံပညာရှင် အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ပိုက်ဆံက စတော့မားကတ်လည်းသွားလို့မရဘူး။ အပြင်မှာလည်း Invest လုပ်လို့ (ရင်းနှီးမြှုပ်နှံလို့) မရဘူး။ ဗဟိုဘဏ်က ပေးတဲ့အတိုးနှုန်းထက် ဘာမှ ပိုရစရာမရှိဘူး။ ပုဂ္ဂလိကဘဏ်တွေကလည်း Saving သွားလုပ်ဖို့ (ငွေစုဖို့) မလွယ်ဘူး။ နိုင်ငံတကာမှာတော့ရှိတယ်” 

ငွေတိုက်လက်မှတ်အမျိုးစားသည် ၃ လ၊ ၆ လနှင့် ၁ နှစ်သက်တမ်းရှိပြီး ငွေတိုက်စာချုပ်မှ ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ်နှင့် ၅ နှစ်သက်တမ်းရှိကာ အမြင့်ဆုံးအတိုးနှုန်းပမာဏ ၉ ရာခိုင်နှုန်း အထိ ရှိနိုင်ကြောင်း သိရသည်။

ထိုစာချုပ်များကို ယခင်က စာရွက်စာတမ်းအခြေပြုစနစ်(Paper Based System)ဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါ အီလက်ထရွန်နစ်နည်းပညာဖြင့် မှတ်တမ်းတင်သည့်စနစ်(Scriptless System) သို့ ပြောင်းလဲခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

အထူးသဖြင့် အသက်အာမခံကုမ္ပဏီကြီးများသည် အတိုးပေးသည့် အသက်အာမခံအမျိုးအစားများကို ရောင်းချနေပြီး အာမခံထားသူတို့ထံမှ အာမခံပရီမီယံကြေးများရလာလျှင် ထိုငွေကို ငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်များ ဝယ်ယူရင်းနှီးမြှုပ်နှံထားကြကြောင်း သိရသည်။ ရရှိလာသော အတိုးငွေများဖြင့်  အာမခံထားသူတို့ကို အတိုးပြန်ပေးကြသည်။ 

ထို့ကြောင့် အာမခံကုမ္ပဏီများသည် ငွေကျပ်ဘီလျံချီထည့်ဝင်နိုင်သော အဖွဲ့အစည်းများအလိုက် ရင်းနှီးမြှုပ်နှံသူများ (Institutional Investors)  ဖြစ်လာကြောင်း၊  လိုငွေဖြည့်ဆည်းပေးနိုင်သည့် အဓိကယန္တယားများဖြစ်ကြောင်း   မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အမြဲတမ်းဘက်ဂျက်လိုငွေရှိတယ်ပေါ့။ လိုငွေရှိတော့ Domestic Financing (ပြည်တွင်း ငွေကြေးပံ့ပိုးမှု) လုပ်ချင်လုပ်။ မနိုင်ရင်တော့ External Financing (ပြည်ပငွေချေးယူမှု)ပေါ့။ နိုင်ငံတကာက World Bank တို့ ဘာတို့ဆီကနေ ငွေချေးရတာပေါ့။ အခုကြတော့ Domestic Financing ကိုယ့်တိုင်းပြည်ထဲမှာပဲ လှည့်ပြီးတော့ ချေးလို့ရရင် အကောင်းဆုံးပေါ့လေ” ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် ထိုအမျိုးသမီးက ဆိုသည်။ 

အာမခံကုမ္ပဏီတို့၏ ရင်းနှီးမြှုပ်နှံငွေများသည် နိုင်ငံအသုံးစရိတ်ထဲရောက်မည်ဖြစ်ရာ အရေးပါသည့် အခြေခံအဆောက်အအုံစီမံကိန်းများတွင်သုံးနိုင်ကြောင်း၊ ငွေစက္ကူအသစ်ရိုက်ထုတ်ခြင်းမဟုတ်သဖြင့် ငွေကြေးဖောင်းပွမှုကိုထိန်းနိုင်ကြောင်း ၎င်းက ပြောသည်။ 

မတည်ငွေ၏ ၃၀ ရာခိုင်နှုန်းကို ငွေတိုက်စာချုပ်ဝယ်ယူခိုင်းသော ရည်ရွယ်ချက်နောက်တစ်ခုမှာ သဘာဝဘေးကဲ့သို့ အလွန်ကြီးမားသော ဘေးဒုက္ခများကြောင့် လျော်ကြေးကြီးကြီးမားမား ပေးရမည် ဆိုပါက ထိုထိန်းထားသောငွေဖြင့် အာမခံထားသူတို့ကို ရာခိုင်နှုန်းတစ်ခု ပေးလျော်နိုင်ရန်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီသည် ဘက်ဂျက်လိုငွေဖြည့်ဆည်းရန် ငွေတိုက်စာချုပ်နှင့်ငွေတိုက်လက်မှတ်များ ရောင်းချသလို ငွေစက္ကူအသစ်များလည်း ရိုက်နှိပ်ထုတ်ဝေအသုံးပြုနေသည်။ အာဏာသိမ်းထားသည့် ၂၀၂၁ ဖေဖော်ဝါရီမှ ယခုနှစ် မေအထိ ၃ နှစ် ၃ လအတွင်း စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ငွေစက္ကူအသစ် ကျပ်ဘီလျံ ၃၀,၀၀၀ နီးပါးရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခန့်မှန်းထားသည်။

NLD အစိုးရလက်ထက်တွင် ၂၀၁၉ နှင့် ၂၀၂၀ အတွက် ဗဟိုဘဏ်က ကျပ်ဘီလျံပေါင်း ၃၆၅၆ သာ ရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း၊  စစ်ကောင်စီလက်ထက် သုံးနှစ်ကျော်အတွင်း ငွေစက္ကူသစ်ရိုက်ထုတ်မှုနှိုင်းယှဉ်လျှင် ၈ ဆကျော်ပိုများကြောင်း NUG က ဆိုသည်။ 

စစ်အသုံးစရိတ်များသော ဘက်ဂျက်အတွက် လိုငွေဖြည့်ဆည်းခြင်း

စစ်ကောင်စီ စီမံဘဏ္ဍာဝန်ကြီးဌာန၏ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်အရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေမှာ ကျပ်ဘီလျံပေါင်း ၇,၄၀၀ ကျော်ရှိပြီး ယခုနှစ် ၂၀၂၄-၂၅ တွင်မူ ကျပ်ဘီလျံပေါင်း ၇,၈၇၉ ကျော်ရှိကြောင်း တွေ့ရသည်။ 

အရပ်သားအစိုးရလက်ထက် ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံပေါင်း ၈,၀၀၀ ကျော်ထိ စံချိန်တင်မြင့်တက်ခဲ့ဖူးသည်။ ထိုစဉ်က ဘတ်ဂျက်လိုငွေ အကြီးအကျယ်မြင့်တက်ခဲ့ခြင်းမှာ ကိုဗစ်ကပ်ဘေးကို ရင်ဆိုင်ခဲ့ရသောကြောင့်ဖြစ်သော်လည်း စစ်ကောင်စီလက်ထက်၌မူ စစ်အသုံးစရိတ် အဆ မတန် မြင့်တက်နေသောကြောင့်ဖြစ်သည်ကို တွေ့ရှိသည်။

စစ်ကောင်စီ၏ ၂၀၂၃-၂၄ ဘဏ္ဍာအတွက် စစ်အသုံးစရိတ်မှာ ကျပ်ဘီလျံ ၅၆၃၅ အထိရှိပြီး ၂၀၂၂-၂၃ နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းကျော်မြင့်တက်လာခြင်းဖြစ်သည်။ ယခုနှစ်၏ စစ်ရေးအသုံးစရိတ်များကိုမူ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိတော့ဘဲ ထိန်းချန်ထားသည်။ 

နောက်ဆုံးထုတ်ပြန်သောနှစ်တွင် ကျန်းမာရေးအသုံးစရိတ်မှာ စစ်အသုံးစရိတ်၏ ၇ ပုံ ၁ ပုံခန့်သာရှိပြီး စစ်အသုံးစရိတ် ကျပ်ဘီလျံ ၅,၆၀၀ ကျော်သော်လည်း ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍနှစ်ခုလုံးအတွက် အသုံးစရိတ်မှာ ကျပ်ဘီလျံ ၃,၀၀၀ ခန့်သာရှိသည်။

ယခုနှစ်အတွင်း ဘဏ္ဍာရေးလိုငွေမြင့်မားလာစေသည့် အချက်များအနက် အရွယ်ရောက်ပြီးသူများကို စစ်ထဲဆွဲသွင်းသည့် ပြည်သူ့စစ်မှုထမ်းဥပဒ​အရ သုံးစွဲရမည့်စရိတ်များမှာလည်း အချက်တစ်ခုအဖြစ် ပါဝင်ကြောင်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယခုနှစ် မတ်လဆန်းပိုင်းတွင် ပြုလုပ်သည့် အရအသုံးခန့်မှန်းငွေစာရင်းဆိုင်ရာအစည်းဝေးတွင် ပြောဆိုထားသည်။

စစ်ကောင်စီ၏ ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာမှု သိသိသာသာကျဆင်းသွားသည်၊ အသုံးစရိတ်ကို ပွင့်လင်းမြင်သာစွာထုတ်ပြန်လျှင်လည်း စစ်အသုံးစရိတ်က ထိပ်ဆုံးတွင်သာ ဆက်ရပ်တည်မည်ဟု အခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်ပညာရှင််တစ်ဦးက ဆိုသည်။

ထို့ကြောင့် လက်ရှိငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်ရောင်းချမှုသည့် စစ်အသုံးစရိတ်များသော ဘက်ဂျက်လိုငွေကို ဖြည့်ဆည်းပေးခြင်းဖြစ်ကာ အာဏာသိမ်းစစ်တပ်ကို ကူညီသည်ဟု ဆိုနိုင်ကြောင်း သူက ဆက်ပြောသည်။ 

“စစ်အစိုးရကို ထောက်ပံ့နေတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဘူး။ ဒီနေရာမှာ အာမခံကုမ္ပဏီ တော်တော်များများက Risk Sector ရှိတဲ့ (ဆုံးရှုံးနိုင်ခြေများတဲ့) နိုင်ငံတွေကို ရွေးချယ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျိုးအမြတ်များလို့။ သူတို့က တကယ်တမ်းတော့ အကျိုးအမြတ်ကြောင့် မျက်စိမှိတ်နေတာ တွေရှိတယ်” ဟုလည်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုပညာရှင်က ဆက်ပြောသည်။ 

မလုံခြုံမှုများလျှင် အာမခံပိုထားသည့် အခြေခံစဉ်းစားမှုလည်းရှိခြင်းကြောင့် အာမခံကုမ္ပဏီများသည့် နိုင်ငံတကာကုန်သွယ်ရေးမှအစ အခြားအာမခံများရောင်းချရာတွင် ပရီမီယံကြေးတိုးမြင့်ကောက်ခံကာ လုပ်ငန်းဆက်လည်ပတ်နိုင်သည့် အခြေအနေဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာအရေးယူပိတ်ဆို့မှု၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နှင့် အခြားယိုယွင်းလာသည့်အခြေအနေများကြောင့်  နိုင်ငံတကာကုမ္ပဏီကြီးများထွက်ခွာသွားသော်လည်း ထိုအထဲတွင် အာမခံကုမ္ပဏီပါဝင်ခြင်းမရှိသေးပေ။

အာမခံကုမ္ပဏီများသည် ငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်ခြင်းကြောင့် ဝင်ရန်ထွက်ရန်ခက်ခဲပြီး လုပ်ငန်းလည်ပတ်ချိန်တွင် မတည်ငွေများထဲမှ စပေါ်ငွေများတင်ထားရသဖြင့် ထွက်ခွာရန်ဆုံးဖြတ်ပါက ဆုံးရှုံးနစ်နာမှုကြီးမားနိုင်ကြောင်း အာမခံလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ထို့အပြင် အသက်အာမခံကုမ္ပဏီများသည် အလယ်အလတ်တန်းလွှာနှင့် ဝန်ထမ်းများကိုပစ်မှတ်ထား၍ ကျန်မာရေးအာမခံ ရောင်းချနိုင်သည့် အခွင့်အလမ်းရှိနေခြင်းကြောင့် မထွက်ခွာကြခြင်းဖြစ်ကြောင်း နိုင်ငံတကာအသက်အာမခံကုမ္ပဏီကြီးတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းအမျိုးသားတစ်ဦးက သုံးသပ်သည်။ 

ပုံမှန်ဝင်ငွေရှိသူ၊ နာမကျန်းဖြစ်ချိန် ဆေးကုစရိတ်စိုးရိမ်ရသူနှင့် ကလေးငယ်တို့၏ ပညာရေးအတွက် ကြိုတင်ငွေစုဆောင်းလို၍ အသက်အာမခံထားသူများရှိကြောင်း၊ သို့သော် အခြားလုပ်ငန်းများနည်းတူ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အခက်အခဲများကြားတွင် လည်ပတ်နေကြရကြောင်း ၎င်းက ဆိုသည်။

“အာမခံလုပ်ငန်းတွေလည်း ကျဉ်းထဲကျပ်ထဲမှာ ကျင်လည်နေရတာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျပ်အတည်းကြောင့် သက်ရောက်တဲ့ Domino Effect (ဆင့်ကဲ) သက်ရောက်မှုရှိပါတယ်” ဟု သူက ပြောသည်။ 

နိုင်ငံတကာကုမ္ပဏီကြီးများအတွက် လူသားအရင်းအမြစ်ရှားပါးပြတ်လပ်လာသလို နိုင်ငံအနှံ့တိုက်ပွဲများကြောင့် ဝန်ထမ်းများဘေးကင်းလုံးခြုံရေးစိုးရိမ်ရ၍ မြို့အနည်းငယ်တွင်သာ လုပ်ငန်းလည်ပတ်နိုင်သည်ဟု သူက ပြောသည်။

NUG ကမူ အာဏာသိမ်းစစ်ကောင်စီသည် အစိုးရမဟုတ်သဖြင့် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်ရောင်းချမှုများမှာ တရားမဝင်ကြောင်း၊  ထိုရောင်းချမှုအတွက် တာဝန်ယူ တာဝန်ခံမည်မဟုတ်ဘဲ ပြည်သူ့ကြွေးမြီအဖြစ်လည်း အသိမှတ်မပြုကြောင်း ဇွန် ၂၇ တွင် ထုတ်ပြန်ထားသည်။

“မလုပ်ရဲတာ ဘာမှမရှိ”ဟု ထုတ်ဖော်ပြောဆိုဖူးသည့် အာဏာသိမ်းခေါင်းဆောင်   ဦးဆောင်သော စစ်ကောင်စီသည် ၎င်းတို့လိုအပ်နေသည့် ဘဏ္ဍာငွေ ရှာဖွေရာတွင်  တရားဝင်၊ မဝင်ဟူသည့်အချက်များကို စဉ်းစားမည်မဟုတ်ဟု ဆိုသည်။

စစ်ကောင်စီလက်အောက် လုပ်ငန်းလည်ပတ်ရသဖြင့် ၎င်းတို့ ညွှန်ကြားချက်နှင့် သတ်မှတ်ချက်များကို မလွန်ဆန်နိုင်ဖြစ်နေပြီး ရုတ်တရက်လုပ်ငန်းရပ်ဆိုင်းရန်၊ စနစ်တကျ ကုမ္ပဏီဖျက်သိမ်းရန် အခက်ကြုံနေပုံရကြောင်း ဘဏ်အရာရှိဟောင်းတစ်ဦးလည်းဖြစ်၊ ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ဦးတင့်လွင်က ခန့်မှန်းသည်။ 

စစ်တပ်လိုငွေဖြည့်ရန် ငွေတိုက်စာချုပ်များဝယ်ယူရာတွင် စစ်တပ်နှင့်နီးစပ်သည့် ကုမ္ပဏီကြီးများက စိတ်ပါလက်ပါကူညီမည်ဖြစ်ကြောင်း၊ အခြားပြည်တွင်းပြည်ပကုမ္ပဏီများသည် ရုန်းထွက်ရန်ခက်သည့် အခြေအနေဖြစ်နေသော်လည်း   ပြည်သူကို ပြန်သတ်နေသော အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေမှုကို ချင့်ချိန်သင့်ကြောင်း ဦးတင့်လွင်က ပြောသည်။ “နိုင်ငံတကာမျက်နှာစာမှာ သိက္ခာနဲ့ စီးပွားရှာရတဲ့ ပြည်ပကုမ္ပဏီကြီးများက စကစနဲ့ အမြန်လမ်းခွဲ သင့်ပါတယ်။ သို့မဟုတ်ရင် သမိုင်းအမည်းစက် ဖြစ်ရမယ့်အပြင် နောင် မြန်မာဒီမိုကရေစီ အစိုးရများ လက်ထက်မှာ သမိုင်းကြောင်းမကောင်းတဲ့ ကုမ္ပဏီတွေအဖြစ် Blacklisted  ဖြစ်နိုင်တာကို သတိပြု ဆုံးဖြတ်သင့်ပါတယ်” ဟု ဦးတင့်လွင်က ပြောလိုက်သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *