(မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၂၄
( ၁ )
ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် အသံရော ရုပ်လက္ခဏာပါ ထူးခြားကောင်းမွန်သော ပုဂ္ဂိုလ်နှစ်ဦးပေါ်ထွက်ထွက်ခဲ့သည်ဟု ဆို၏။ သူတို့ကား မင်းတုန်းမင်းနှင့် ဗန်းမော်ဆရာတော်တို့တည်း။ ဗန်းမော်ဆရာတော်သည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကွမ်းညှပ်စင်ရွာသား၊ ငယ်အမည် မောင်ဖြူဝင်း၊ ကြာသပတေးသား။ မောင်ဖြူဝင်း အမည်ပေးထားသော်လည်း အသားလည်း မဖြူ၊ ဝင်းလည်း မဝင်း၊ အသားမည်းမည်း၊ ဗိုက်ခေါက်ရွှဲရွှဲ၊ ဦးပြည်းပြောင်ပြောင်၊ အရပ်ထောင်ထောင်မောင်းမောင်း၊ အသံအောကြီးနှင့် ဖြစ်သည်။ အမရပူရမြို့တည် ဘိုးတော်ဘုရားမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သော ဗန်းမော်မြို့ကို အပိုင်စားရသည့် ဝေသာလီမင်းသမီး ဥပေါတရာက ဗန်းမော်ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းပြီး ထိုကျောင်းထိုင် ဖြစ်သောကြောင့် ဗန်းမော်ဆရာတော် အမည်တွင်လာခြင်းဟု ဆိုကြသည်။
ဗန်းမော်ဆရာတော်သည် ဥပဓိရုပ်အလွန်ထူးခြားပြီး လွန်စွာကြံ့ခိုင်ခံ့ညားသူ၊ အသံတော်မှာလည်းနက်ကျယ်ပြတ်သားသည်။ ရူပလက္ခဏာနှင့် သဒ္ဒလက္ခဏာ လိုက်ဖက်သည်။ အသံတော်ကို ကြားရလျှင်ပင် လေးစားကြသည်ဟု ဆိုကြသည်။ ဆရာတော်လို ပုဂ္ဂိုလ်မျိုးသည် လောကကြီးတစ်ခုလုံးကို ထီမထင်ဘဲ ဟုတ်တိုင်းမှန်ရာကိုသာ ဟောဟောဒိုင်းဒိုင်း ပြောတတ်သည်ကိုက သူ၏ပင်ကိုဗီဇ ဖြစ်ဟန်တူသည်။ အမှန်တရားဘက်တွင် စုံရပ်ပြီး စိုးစဥ်းမျှမကွယ်မထောက် မချုပ်တည်း မမျိုသိပ်ဘဲ ဒဲ့ဒိုး ရက်ရက်စက်စက် ရေးတတ်သည်။ ထို့ကြောင့်ပင် ဆရာတော်၏စာများသည် ဂမ္မဒေါသသင့်သည်ဟု သတ်မှတ်လေငြား စာပေကျမ်းဂန်အရာတွင် ဒိုးလိုမွေ ရေလို နှောက်နိုင်သူ ဖြစ်ခြင်း၊ ဟဿရသမြောက်ခြင်း၊အလင်္ကာမြောက်ခြင်း၊ မှတ်သားဖွယ်ရာကောင်းခြင်းများကြောင့် အလွန်ထင်ရှားသည်။အထူးသဖြင့် စာချိုးရာတွင် လူမဆိုထားဘိ မင်းတုန်းမင်းကြီး၊ သုဓမ္မာဆရာတော်ကြီးများ၊ ထိုခေတ်က အလွန်စာတတ်ပြီး မင်း အကိုးကွယ်ခံ ကသည်းလူမျိုးသီလရှင်မယ်ကင်းတို့ပါ မချန်ခဲ့။ ဆရာတော်ကြီး၏ စာချိုးကုန်ကြမ်းများသာတည်း။
မင်းတုန်းမင်းကြီးသည် မိဖုရား ၆၀ ကျော်ရှိရာ ကာမဂုဏ် ခံစားရာတွင် နှစ်ယောက်မရှိ။ သားသမီးများလှသူ ဖြစ်သည်။ တစ်ဖက်တွင် ဗုဒ္ဓဘာသာကို အလွန်အကျူး အားပေးတော်မူသော မင်းတစ်ပါးလည်း ဖြစ်နေပြန်ပါသည်။ တစ်နေ့တွင် မင်းကြီးက ဗန်းမော်ဆရာတော်ကြီးကို နန်းတော်သို့ပင့် ဆွမ်းကပ်တော်မူသည်။ တရားမနာမီ ဆွမ်းဘုဉ်းပေး၊ မင်းတရားကြီးက အာလ္လာပ သလ္လာပ ပြောဆို လျှောက်ထားသည်။ “တပည့်တော် လူဝတ်ကြောင်ပုဆိုးတွေ ကောင်းကျိုးကို မပေးပါဘုရား၊ အဖော်မမှီး တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာအရပ်သို့ တောထွက်ရကောင်းမလားပင် တွေးခဲ့မိပါသည်ဘုရား” ဟု လျှောက်ထားရာ ဗန်းမော်ဆရာတော်ကြီးက ကွမ်းဝါးရင်း ပြုံးတော်မူလိုက်ပြီး မင်းကြီးဘက်လှည့်ကာ-
“ဒကာတော်က စိတ်က ဘုန်းကြီး ယီးက ဓားပြ ဖြစ်နေတယ်၊ တောထွက်နိုင်ပါ့မလား” ဟု မိန့်လိုက်ရာ မင်းတုန်းမင်းကြီးအပါ တရားနာလာကြသူအားလုံး မျက်နှာပျက်သွားခဲ့ရသည်။ ဆရာတော်ကြီး၏ အထက်ပါစကားကို အလွန်သဘောကျမိပါသည်၊ အလွန်လည်း ထိမိလှသည်။ မင်းတုန်းမင်းကြီးကား တုတ်တုတ်မှ မလှုပ်နိုင်ခဲ့။
( ၂ )
ကျွန်တော်တို့ မြန်မာနိုင်ငံကြီးသည် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးတို့တွင် ကမ္ဘာ့ဒတိယအကြီးဆုံးဟုဆိုနိုင်သော နိုင်ငံကြီးနှင့် အိမ်နီးချင်း ဖြစ်နေ၏။ ပထဝီအနေအထား ဆက်စပ်နေသည့်အပြင် ရာဇဝင်သမိုင်းကြောင်းကို လိုက်ကြည့်ပါက ဆွေမျိုးပေါက်ဖော် ဆိုရလောက်အောင် အိမ်နီးနားချင်းကောင်း ဖြစ်ခဲ့ပါသတတ်။ ထိုနိုင်ငံကြီးသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးတွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်၏။ အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးကို သမာသမတ် ကျစွာ ဖော်ဆောင်ပေးရသည့် အဖွဲ့ဝင်။ ဆုံးဖြတ်ချက်များ ချရာတွင်လည်း အဓိကနေရာမှ ပါသည်။ပြောလိုက်သည့် စကားများတွင်လည်း တစ်ခွန်းဆိုတစ်ခွန်း ထိရောက်အောင် ပြောခွင့်ရသည်။ ထိုနိုင်ငံကြီး၏ တပ်မတော်ကြီးသည်လည်း ကမ္ဘာ့ဒုတိယအတောင့်တင်းဆုံးစစ်တပ်ကြီး။ ခေတ်မီလက်နက်များ၊ အမြဲတမ်း လေ့ကျင့်နေသော တပ်ဗိုလ်တပ်သားများ၊ လေယာဥ်တင်သင်္ဘော၊ ဖျက်သင်္ဘော၊ ဖရီးဂိတ်သင်္ဘော၊ ကင်းလှည့်သင်္ဘော၊ ရေငုပ်သင်္ဘောများ။ သူတို့နှင့်အတူ အမြဲမပြတ် ဝေဟင်ကို စောင့်ကြပ်ကင်းလှည့်ပေးနေသော လေယာဥ်များ၊ အတင်သင့် တိုက်လေယာဥ်များ၊ ခေတ်မီတပ်မတော်ကြီး၏ ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်ပြည့်စုံလွန်းလှသော အဖွဲ့ကြီးကို ပိုင်ဆိုင်ထားသည်။ ကမ္ဘာပတ်လမ်းကြောင်းပေါ်တွင်လည်း စစ်ဖက်ဆိုင်ရာ၊ ရာသီဥတုဆိုင်ရာ၊ နည်းပညာဆိုင်ရာနှင့် အခြားဆိုင်ရာဆိုင်ရာ ဂြိုဟ်တုများစွာကိုလည်း ထိုနိုင်ငံကြီး၊ ထိုတပ်မတော်ကြီးကို အထောက်အကူပေးနေသည်။
ထို့အပြင် တစ်ယောက်တည်းရှိလျှင်ပင် ဘာစီးပွားရေးလုပ်ရမလဲ အဆိုရှိသည့်အတိုင်း ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် သူတို့၏ စီးပွားရေးကုမ္ပဏီများ လက်ညှိုးထိုးမလွဲ။ သက်ဆိုင်ရာနိုင်ငံများနှင့် အကျိုးတူ လုပ်ထားသည်။ ထိုနိုင်ငံများ၏ စီးပွားရေး၊ စစ်ရေးများကို ကူညီပေးသည်။ ခေတ်မီတိုက်တာအတောက်အဦများကလည်း ထိုနိုင်ငံကြီးအနှံ့အပြား အံမခန်းပေါလှသည်။ ဤသည်တို့ကို ကြည့်ခြင်းအားဖြင့် အတုယူစရာ၊ အားကိုးချင်စရာ၊ ကျေးဇူးတင်စရာများ ပြည့်လျှမ်းနေသည်။ကမ္ဘာ့အံ့ဖွယ် မဟာတံတိုင်းကြီးကို ကြည့်ခြင်းအားဖြင့်လည်း ထိုနိုင်ငံသားတို့၏ လုံ့လဝီရိယအစွမ်း၊ ဉာဏ်ပညာနှင့် ကာကွယ်ရေးအစွမ်းတို့ကို ခန့်မှန်းနိုင်သည်။ ထိုနိုင်ငံသားတို့၏ စင်ကြယ်သော အသားအရေ၊ လှပသော မျက်နှာပေး၊ ခမ်းနားကြီးကျယ် တမူ ထူးခြားသော ရှေးဟောင်းယဥ်ကျေးမှုများကလည်း အထင်ကြီးလောက်စရာများ မဟုတ်လား။ ထိုနိုင်ငံကြီးနှင့် မြန်မာနိုင်ငံကြီး အိမ်နီးနားချင်း ဖြစ်ရသည်မှာ ကုသိုလ်ကံထူးသည် ဆိုရလေမလား။
ဤလောကတွင် ကြည့်တတ်မှ မြင်၊ ဆေးတတ်မှ စင်သည်ဟု အဆိုရှိထားသည်။ ထိုနိုင်ငံထဲက တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တစ်ချိန်က ဒလိုင်းလားမားတို့၏ ကိုယ့်မင်းကိုယ်ချင်း နိုင်ငံ၊ ယခုတော့ ထိုနိုင်ငံကြီး၏ အစိတ်အပိုင်းတစ်ခု။ ယူနန်နယ်သည်လည်း ကိုယ်ပိုင်နိုင်ငံအဖြစ်မှ ထိုနိုင်ငံကြီး၏ လက်အောက်ခံဖြစ်သွားသည်။ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်လည်း ထိုနိုင်ငံကြီးနှင့်အကျိုးတူစီးပွားရေးတွင် အသာစီးရသည်က ထိုနိုင်ငံကြီးသာ။ သီရိလင်္ကာပိုင်ကျွန်းတစ်ကျွန်းသည် ထိုနိုင်ငံကြီး၏ အကြွေးသိမ်းခြင်း ခံလိုက်ရသည်။
မြန်မာပြည်နှင့် တရုတ် နယ်စပ်ဒေသများ တရုပ်ယွမ်ငွေသုံး၊ တရုတ်စကားပြော၊ တရုတ်စာသုံး၊အထူးသဖြင့် ဝ နယ်သည် တရုတ်နိုင်ငံပိုင်နီးနီး ဖြစ်နေလေပြီ။ ဘုရားစူး မြန်မာနိုင်ငံမှ ဟုတ်ပါလေစဟု မေးရလောက်သည်။ အရှေ့တောင်အာရှနိုင်ငံများသည်လည်း တရုတ်နှင့် လွတ်ကင်းသည့်နိုင်ငံ မရှိ။
ရွှေမြန်မာနိုင်ငံကြီးသည်ကား ပြည်ပအားကိုး ပုဆိန်ရိုး ဟု ပြည်သူကို ဂျင်းထည့်ထားသော ဒေါ်စိန်အေးကျောင်းဆင်းများ၏ ကျေးဇူးတော်ကြောင့် တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ အမည်ပြောင်းရမလောက် ဖြစ်သွားသည်။ နိုင်ငံအနှံ့အပြား စီးပွားရေးလုပ်ငန်းများသည်လည်း ထိုနိုင်ငံသားများပိုင်သည်။ ထွက်သမျှ သယံဇာတများသည်လည်း တရုတ်လူမျိုးများမှလွဲ၍ ဘယ်သူမှမပိုင်။ နှစ်နိုင်ငံ အကျိုးတူဟု အမည်လှလှလေးပေးထားငြား မြန်မာပြည်သူပြည်သားများ ခံစားခွင့်မရ။ မည်သည့်စီမံကိန်းများတွင်မဆို အကျိုးခံစားခွင့် အများဆုံးရသည်က တရုတ်နိုင်ငံ။ ကြက်နာကျ၍ ဗေဒင်မေးကြည့်မှ ကြက်သတ်၍ နတ်တင်ခိုင်းသလို။ ကျောက်ကြီး၍ ငါးများ ခိုရလေမလား ထင်မှတ်ရာမှ ထိုကျောက်ကြီး ပိ၍ ငါးများ သေရသည်။ မိုးခိုပါရစေ ခွင့်တောင်းဝင်လာသော ကုလားအုတ်ကြီး ထိုအိမ်ကြီး ပိုင်တော့သည်။ ဆန်တစ်စိတ်ပေးပြီး ဆန်တစ်ခွဲ ယူတော့သည်။ တစ်လိမ်ပေါ် နှစ်လွန်းတင်သည်။
ကျွန်တော်တို့ နွေဦးတော်လှန်ရေးသည် သက်တမ်းလွန်၊ ကိုယ့်ဟာကိုယ် ရာထူးတိုး၊ မြန်မာပြည်စီးပွားရေးလုပ်ငန်းမှန်သမျှ အမည်အမျိုးမျိုး နှင်ပိုင်သူ၊ မိမိရသော လစာရိက္ခာနှင့် မညီမျှသောစည်းစိမ်ဥစ္စာများရှိသူ၊ အများပြည်သူများ အလိုမရှိ၊ အသိအမှတ်မပြု၊ ဆန္ဒမဲပေး တင်မြှောက်ထားခြင်း မရှိသော မဖွယ်မရာ၊ မတန်မရာ ရာထူးများကို ယူထားသူ၊ မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကြက်ကလေး၊ ငှက်ကလေး သတ်သလို အကြမ်းဖက် သတ်ဖြတ်နေသူ၊ မြန်မာပြည်တွင်း ကျားဖြန့်ငွေလိမ်ဂိုဏ်းချုပ်၊ မအေယိုးမင်းအောင်လှိုင်နှင့် အဖွဲ့ကို တောအလှန်နေခြင်းဖြစ်သည်။ အမြစ်ဖြုတ်ချရေးနှင့် သူတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို တရားဥပဒေအတိုင်း ကျခံစေရန် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် နိုင်ငံရေးစနစ် မတူညီကြသော်လည်း မိမိတို့နိုင်ငံ့ခေါင်းဆောင်ကို ပြည်သူများ ဆန္ဒမဲဖြင့် တင်မြှောက်ကြခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက တင်မြှောက်ကြခြင်း စသဖြင့် သင့်တော်သလို တင်မြှောက်ကြသည်။
စစ်တပ်သည် ထိုအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခု ဖြစ်သည်။နိုင်ငံနှင့် ပြည်သူကို ကာကွယ်ရန် တာဝန်ရှိသည်။ သို့သော် မြန်မာပြည်နိုင်ငံရေးတွင် အများပြည်သူသဘောတူ တင်မြှောက်ခဲ့သော နိုင်ငံတော်အတိုင်အပင်ခံနှင့် သမ္မတကြီး၊ အစိုးရအဖွဲ့တစ်ခုလုံးကို သူတို့ အလုပ်မဟုတ်ဘဲ လက်နက်အားကိုးဖြင့် ဖမ်းဆီးထောင်ချကာ သူတို့၏ လောဘကို မတရားအာဏာသိမ်း၍ မြှင့်တင်လိုက်သည်။ အဘယ်ပြည်သူက လက်ခံကြပါမည်နည်း။
နိုင်ငံနှင့် ပြည်သူများအပေါ် အကြမ်းဖက် နှိက်စက် သတ်ဖြတ်၊ ပြည်သူပိုင်များကို ဓားပြတိုက် လုယူတော့သည်။ စစ်အာရှင်အဆက်ဆက်၏ ထိုပြစ်မှုများ ဥပဒေအောက်မှ လွတ်နေသည်။ရာဇဝတ်ဘေး ပြေးမလွတ်သည် ကျူးလွန်သူတိုင်းနှင့် ဆိုင်သည်ဟု နားလည်ထားသည်။ မည်သို့ကျူးလွန်ပါစေ မည်သည့်ပြစ်ဒဏ်မျှ ကျခံရန်မရှိသော အထူးနိုင်ငံသား မရှိ။ ထိုသို့ မမျှတမှု၊အကြမ်းဖက်မှု၊ လူသတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖျောက်ဖျက်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုများကို တော်လှန်တိုက်ခိုက်နေသော နွေဦးတော်လှန်ရေးသည် အမှန်ပင် ပြည်သူ့တော်လှန်ရေးပင် မဟုတ်လော။ မင်းအောင်လှိုင်၏ လက်ကိုင်တုတ်ဖြစ်သွားသော အကြမ်းဖက်တပ်ကို ဖယ်ရှားနေကြခြင်း မဟုတ်တုံလော။ ဤအဖြစ်အပျက်များသည် နွေဦးတော်လှန်ရေး ပြကတေ့အဖြစ်အပျက်များ မဟုတ်ပါလော။
သို့သော် မင်းအောင်လှိုင်ကား ပြည်သူများ မအေယိုးဟု ဆဲရလောက်အောင် သူ့ပါးစပ်က စည်းကမ်းကျသော ဒီမိုကရေစီ၊ ဥပဒေအတိုင်း၊ သူတို့မဟုတ်ပါဘူးဟု ငြင်းသည်။ ဘုရားတည်ကျောင်းဆောက်ပြသည်။ ဘုရားဒါယကာလုပ်ရင်း ရှေးရှေးဘုရင်များကဲ့သို့ လုပ်ပြသည်။ သူ့ပထွေး တရုတ်နိုင်ငံကြီးကလည်း သူတို့ရရှိထားသော အခွင့်အရေးများကို အသုံးချကာ ပြည်တွင်းစစ်ဟု အမည်တပ်သည်။ ပြည်တွင်းရေးဖြစ်၍ ဝင်စွက်ရန် မလိုဟု သဘောထားကြီးသူ လုပ်သည်။ ဘန်းဒေါင်း သဘောတူညီချက်ကို လိုက်နာသလိုလို ပြည်သူကို သနားသလိုလိုနှင့် မင်းအောင်လှိုင်ဘက်ကို ပင်းထားသည်။ လုံခြုံရေးကောင်စီတွင်လည်း ငါတို့က အိမ်နီးနားချင်း၊ငါလောက် မင်းတို့ မသိဘူး၊ ငါတို့ တာဝန်၊ ငါတို့ဖြေရှင်းပေးမည် ဆိုသည့် အပေါက်။ သမားမတတ် လူသတ်ထောင်မှူး လုပ်သည်။
ဝငတော့ စည်တီးဝင် ထွတ်တော့ ခေါင်းမြီးခြုံသည်။ ယုန်ချို လိပ်မွေး ပုစွန်သွေးဟု ကမ္ဘာကို ချပြသည်။ ထိုနိုင်ငံကြီး၏ ခေါင်းဆောင်လုပ်သူကိုက နိုင်ငံတော်အာဏာကို သက်တမ်း သုံးကြိမ်အထိ ဆွဲဆန့်ပစ်ကာ အာဏာလက်ဝါးကြီးအုပ်သည်။ သက်တမ်း ၂ ကြိမ်သာ လုပ်ခွင့်ရသည့် ဥပဒေကို လိုသလို ပြင်ပစ်သည်။ ဤသည်မှာ အာဏာရှင်။ အာဏာရှင်တို့မည်သည် ရသလောက်အာဏာကို ဆုပ်ကိုင်ထားချင်သည်။ အာဏာဆုပ်ကိုင်ထားမှ သူတို့အတွက် လုံခြုံသည် မဟုတ်လော။ ထိုအာဏာရှင် ရှီကျင့်ဖျင် ခေါင်းဆောင်သော ထိုနိုင်ငံကြီးသည် ကမ္ဘာ့အနှံ့အပြားကို ဟန်ဆောင်မျက်နှာဖုံးနှင့် ကုပ်သွေးစုတ်သည်။ ရသမျှ ဝါးမျိုသည်။ မကောင်းမှုမှန်သမျှ နောက်ကွယ်က ကြိုးကိုင်ထားသည်။ သူတို့နိုင်ငံကိုလည်း တစ်သွေး တစ်သံ တစ်မိန့် တစ်ပါတီကချုပ်ကိုင်ထားသည်။ လက်လှုပ်လျှင် ဇက်ဖြုတ်ပစ်သည်။ လက်ခါလျှင် တစ်သက် ပြာချပစ်သည်။လူ့အခွင့်အရေး လာမပြောနှင့်၊ တို့နိုင်ငံ တို့အခွင့်အရေးဟု အကြောင်းပြသည်။ ကမ္ဘာ့အဆိုးဝါးဆုံးနိုင်ငံ မြောက်ကိုးရီးယားနှင့် မိတ်ဖက်။ ဘာသာရေးကို ဘိန်းနှင့်တူသည်ဟု မသိဝိုးဝါး ပြောသည်။ ကမ္ဘာ့မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင် ထိုနိုင်ငံသားများက ဦးဆောင်သည်။ ရွှေတြိဂံနယ်မြေထုတ်ကမ္ဘာကျော် မူးယစ်ဆေးဝါးများသည် ထိုနိုင်ငံသားများ၏ လက်ချက်။ လိုအပ်သမျှ ဓာတုကုန်ကြမ်းများ ထိုနိုင်ငံမှ ရသည်။ ထိုနိုင်ငံသားများက အများဆုံးပိုင်ပြီး ဒေါ်စိန်အေးကျောင်းဆင်းများက အကာအကွယ်ပေးသည်။ ကမ္ဘာဖြန့်ရန် ခြေတံ လက်တံရှည်သော ထိုနိုင်ငံသားများကတာဝန်ယူသည်။ မျက်နှာဖုံးအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် လူကြီးလူကောင်း ဟန်ဆောင်ထားကြသည်။ ဤနည်းဖြင့် ထိုဆေးများ ကမ္ဘာအနှံ့ပြန့်တော့သည် မဟုတ်လော။ အမှုပေါ်ပေါက်လျှင် ကိုယ်စားခံ မည်သူက အဆင်သင့်။ ထိုသူ၏ ကျန်ရစ်သော မိသားစုကို အစစအရာရာ ထောက်ပံ့ပေးသည်။ အမှုပေါ့အောင်လည်း တာဝန်ရှိပါသည်ဆိုသော ဒေါ်စိန်ကျောင်းဆင်းများနှင့် တစ်ဖက်လှည့်လုပ်ပေးပြန်သည်။
ထို့အပြင် မြန်မာပြည်နယ်စပ်များရှိ ကျားဖြန့်လုပ်ငန်းများ၏ အစသည် ထိုနိုင်ငံနှင့် ထိုနိုင်ငံသားများသာ ပိုင်သည်။ သူတို့နိုင်ငံအတွင်း ပြုလုပ်ပါက ကမ္ဘာ့အဖွဲ့အစည်းများတွင် တာဝန်ယူထား၍ နာမည်အပျက်မခံ။ နယ်စပ်များတွင် အခြေစိုက်သည်။ ယူနီဖောင်းတကားကားနှင့် နိုင်ငံတော်ကာကွယ်ရေးယူထားသော ဒေါ်စိန်အေးကျောင်းဆင်းများကလည်း ထိုလုပ်ငန်းကို မျက်စိမှိတ်ထားပေးသည်။ ကမ္ဘာပတ် လိမ်တော့သည်။ အကျိုးအမြတ်ကို ထိုနိုင်ငံသားများက အများဆုံးရသည်။ ဖင်မနိုင် ခေါင်းမနိုင် ဖြစ်လာရာချိန် ထိုလုပ်ငန်းကို နှိမ်နင်းဟန်ပြသည်။ ကျားဖြန့်ခေါင်းဆောင်များကိုလည်း သူတို့သတင်းပေါက်ကြားမည်စိုး၍ သူတို့ မဟုတ်လေဟန် အဖမ်းပြသည်။ ဖမ်းသာဖမ်းသည် အမြစ်ပြုတ်အောင် မလုပ်ခဲ့။ အာဏာရှင် ရှီကျင့်ဖျင်တပည့် ဒေါ်စိန်အေး ကျောင်းဆင်းများကလည်း တိုင်းရင်းသားစာပေများကိုသာ ပိတ်ပင်နေပြီး တရုတ်စာသင်ကျောင်းကို တခမ်းတနား ဖွင့်ခွင့်ပေးထားသည်မှာ ရှမ်းမြောက်တစ်ခွင်လုံး။ ဗမာကျောင်းတက်ရတာ ငွေသိပ်မရဘူး၊ တရုတ်စာတတ်မှ ငွေဝင်ကောင်းတာ ဟူသော အတွေးများသည် ဗမာ၊ ပလောင်၊ ရှမ်း၊ ကုလားနှင့် လူမျိုးစုံ တရုတ်စာသင်နေကြသည်က သက်သေ။
ကျားဖြန့်လုပ်ငန်း ရှင်သန်ရန် တရုတ်စာက ပိုအရေးကြီးသည် မဟုတ်လား။ ထူးဆန်းသည်က ထိုလုပ်ငန်းပိုင်ရှင်များသည် မြို့ပြများပေါ်တွင် လူကြီးလူကောင်းများသာတည်း။ သာမန်နိုင်ငံသားများ စီးပွားရေးတိုးတက်၍ ဝင်ငွေကောင်းလျှင် နောက်ယောင်ခံ ငွေညှစ်ခံရတတ်သော်လည်း ထိုတရုတ်များကား မြန်မာမှတ်ပုံတင်ကိုင်၊ မည်သည့်အရေးယူမှုမှ မရှိ။ ငွေကို ရေလိုသုံးနိုင်ကြသည်။ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တို့၊ ပြည်သူ့စစ်ခေါင်းဆောင်တို့၊ ဒေသကာကွယ်ရေးတာဝန်ခံတို့ စသဖြင့် တာဝန်ထမ်းခွင့်ပါ ရနေကြသေးသည်။ နိုင်ငံခြားသား တစ်ဦးဦး နိုင်ငံရေးပါတီဝင် ဖြစ်ပါက ပါတီကို ဖျက်သိမ်းခံရမည်ဆိုသော ဒေါ်စိန်အေးကျောင်းဆင်းများရေးဆွဲထားသော ဥပဒေသည် ကြံ့ခိုင်ရေးပါတီ မပါဝင်။ အထူး အထူးသောပါတီ ဖြစ်လေသတတ်။
ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများကို ဆန့်ကျင်ကြ။
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။
ပြည်တွင်း ပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
စသဖြင့် ပြည်သူ့သဘောထား အမည်တပ်ပြီး ထိုနိုင်ငံကြီးနှင့်ပေါင်း၊ နိုင်ငံကြီးကို ရောင်း၊ သယံဇာတများကို သူခိုးပီပီ သူခိုးဈေးနှင့် ဂျောင်း။
ယခုတော့ အာဏာရူးများ၏ အရှင် အရူးသခင် အရူးခွင်တို့၏ ထိပ်ခေါင်ချုပ် မအလ တရုတ်ကား ကြံရာမရဖြစ်ကာ လုံခြုံရေးကုမ္ပဏီ ဆိုလား။ သူ့ပထွေးတရုတ်နှင့် ပေါင်းကာ ဖွဲ့မည်ဆိုလား။ မြန်မာပြည်တွင်းရှိ တရုတ်ပိုင်ဆိုင်မှုများကို တရုတ်နှင့် ပေါင်းလုပ်မည်ဆိုလား။ နောက်ပြီးရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ရန် နည်းပညာကူညီပေးမည် ဆိုလား။ အာဏာရှင် ရှီကျင့်ဖျင်သည် သူတော်ချင်းချင်း သတင်းလွေ့လွေ့ အာဏာရှင် မအလနှင့် ပေါင်းဖက်တွေ့တော့သည်။
MNDAA ခေါင်းဆောင်ကိုလည်း ဖမ်းထားသည်ကို ဆေးကုနေသည်တဲ့။
မြန်မာ့နွေဦးတော်လှန်ရေးကို တိုက်ရိုက်စော်ကားပြီး မြန်မာ့ပြည်တွင်းကို ဝင်စွက်လိုက်လိုက်ခြင်းပင် မဟုတ်လော။ မအလ၏ ထဘီမနိုင် ပဝါမနိုင် ပရမ်းပတာ ဒီမိုကရေစီကား အပြောနှင့်လက်တွေ့ ညီညွတ်လိုက်ပတကား။ ပြောလိုက်သည့် ဥပဒေနှင့်အညီများ အောက်တွင် ပြည်သူများထွက်ပြေးနေရသည်။ အသတ်ခံနေသည်၊ အိမ်တွေ အဖျက်ဆီးခံနေရသည်။ မီးရှို့ခံနေရသည်။ ဓားပြ အတိုက်ခံနေရသည်။ ကျီးလန့်စာစားနှင့် အသက်ရှင်သန်အောင် ကြိုးစားနေရသည်။
ပြည်သူ့မျက်ရည်တို့ကား မအလအာဏာရူးကြောင့် မတိတ်တော့။ အာဏာရှင်ရှီကျင့်ဖျင်သည် ကမ္ဘာ့ဂျူရီလူကြီးတစ်ယောက်။ အများအမြင်ကောင်းစေရန်လည်း သူတို့မဟုတ်သလို ခပ်တည်တည်၊စကားအလှပြောရင်း ဂုဏ်သရေရှိဟန်ဆောင်နေသည်။ နောက်ကွယ်မှာတော့ လူမိုက်အားပေး၊သူခိုးကို ဓားရိုးက မအား၊ အဆင်းကို ဘီးတပ်၊ မီးလောင်ရာ လေပင့်သည်။ ထိုငတိ၏ တပည့် မအလဖွတ်ကောင်ကြောင့် သစ်ခေါင်းလည်း ပျက်တော့သည်။ ဖွတ်မိကျောင်းဖြစ်တော့ မြစ် မချမ်းသာ။ ဘုရားကား အောက် မျောက်ကား အထက် ဆိုမှတော့ မြင်သမျှ တွေ့သမျှ မတင့်တယ်။ မအလ အာဏာရူးကား ယခုထိ ပြည်သူ မထောက်ခံသော်လည်း ပါးစပ်က ပြည်သူကို အကောင်းဆုံး လုပ်ပေးနေဆဲ။ ဒီမိုကရေစီဖော်ဆောင်ရန် စိတ်ကူးယဥ်ဆဲ။ သူ စခများကိုတော့ လူမကျန်ချင်နေ မြေကျန်ရင် ရပြီ လူမိုက်အကျင့်အတိုင်း လူသတ်ခိုင်းနေဆဲ၊ အကြမ်းဖက်နေဆဲ၊ ဓားပြတိုက်နေဆဲ၊ နိုင်ငံတကာကိုတော့ ဖွဲ့စည်းပုံဥပဒေအတိုင်းဟု အရှက်မရှိ ထုတ်ပြန်နေဆဲ။
ဗန်းမော်ဆရာတော်ကြီး၏ မင်းတုန်းမင်းကို ပြောခဲ့သည့်စကား ငှားသုံးချင်မိသည်။ ရှီကျင့်ဖျင်ရော၊သူ့တပည့် မအလပါ စိပ်ပုတီးချိတ်ပြီး မုသားတွေ ပြောနေသည်။ ထန်းရည်အိုးဘေးမှာ ချပြီး တရားဟောနေသည်။ ပါးစပ်က ဘုရား ဘုရား လက်က ကားယားကားယား လူစားများတည်း။ အရှင်းဆုံး ဆိုရသော် စိတ်က ဘုန်းကြီး ယီးက ဓားပြဟု ခိုင်းနှိုင်းပါက ကွတ်တိ ဒက်ထိဟူလို။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar