တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဆုတ်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ ၁၄ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအချို့ ရရှိသည်ဟု ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force) က နိုဝင်ဘာ ၂၈ တွင် ထုတ်ပြန်သည်။
အမ်းမြို့အဝင် တစ်မိုင်ကုန်းစခန်းမှဆုတ်ခွာလာသည့် ဗိုလ်မှူးဇော်ထက်နောင် ဦးစီးသည့် စစ်ကြောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့က အမ်း – ပဒါန်းလမ်းပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး ရရှိလာသည့် စစ်သုံ့ပန်း၊ လက်နက် ပစ္စည်း မှတ်တမ်းဓာတ်ပုံများလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တကွဲတပြားစီ ထွက် ပြေးကြသည့်အတွက် လိုက်လံရှင်းလင်းနေသည်ဟု ဖော်ပြထားသည်။
စစ်သုံ့ပန်းများနှင့်ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် ကျောင်းသား လက်ရုံးတပ်တော်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်း ပြန်ကြားခြင်း မရှိသေးပေ၊ အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၏ မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖမ်းမိရသူများကို လိုအပ်သည့် ဆေးဝါးကုသမှုများ ပေးထားပြီး စစ်သုံ့ပန်း မူဝါဒနှင့်အညီ ထိန်းသိမ်းထား သည်ဟု ဆိုသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်သည့် အမ်းမြို့ကို ယခုနှစ် စက်တင်ဘာလကုန်ကတည်းက AA က တိုက်ခိုက်နေပြီး မဲတောင်၊ တောဟိန်းတောင်၊ စွေ့ချောင်း စသော ဗျူဟာကုန်းများ၊ ခြေမြန်တပ်ရင်း နှစ်ခုဖြစ်သော ခမရ (၃၇၃) နှင့် ခမရ (၃၇၄) ၊ လေကြောင်းရန် ကာကွယ်ရေးတပ်အပါအဝင် စခန်း ၈ ခု သိမ်းပိုက်ထားသည်။
စစ်ဌာနချုပ်အပါအဝင် ကျန်ရှိနေသည့် စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိရာ တိုက်ပွဲ များ ဆက်ပြင်းထန်နေသည်။
မအီမြို့ဘက်မှလာပါက အမ်းမြိို့အဝင်အထွက် နေရာတွင် ရှိနေသည့် တစ်မိုင်ကုန်းစခန်းကို အောက်တို ဘာလကုန်ပိုင်းကပင် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထား သော်လည်း အာရက္ခတပ်တော် (AA)က ထိုအကြောင်း သီးခြားထုတ်ပြန်ထားခြင်းမရှိသေးပေ။
တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့နယ်မှ မကွေးတိုင်းဘက်သို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို ချင်းတော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF Asho) က အောက်တိုဘာလကုန်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။
အမှတ် (၃၇၃) ခြေမြန်တပ်ရင်းနှင့် အမှတ် (၃၇၁) ခြေမြန်တပ်ရင်း ကြက်ရေစမ်းနယ်ခြားဂိတ်ရှေ့တန်းတို့မှ ထွက်ပြေးလာသည့် ထိုလက်နက်ကိုင်များမှာ စစ်မှုထမ်းဥပဒေအရ အတင်းအကျပ် စုဆောင်းထားသည့် စစ်သားသစ်များဖြစ်သည် ဟု ရခိုင်နှင့် အမ်း ထိစပ်နေသော နယ်မြေတွင် စစ်ရေးလှုပ်ရှားသည့် CDF (Asho) ထံမှ သိရသည်။
စစ်သုံ့ပန်း ၄ ဦးလုံးမှာ အဓမ္မစုဆောင်းခံခဲ့ရသူများဖြစ်ပြီး ဆေးခန်းပြရန်သွားချိန်တွင် ယာဉ်ထိန်းရဲက ဖမ်းဆီးပြီး စစ်သားစုဆောင်းရေး ပို့ဆောင်ခံလိုက်ရသူများ ပါဝင်သည့်နည်းတူ ကျေးရွာ အုပ်ချုပ်ရေးမှူး ၏ စာရင်းသွင်းချက်အရ စစ်သား စုဆောင်းခံရသူလည်း ပါဝင်သည်ဟု CDF (Asho) ၏ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
ပဲခူးတိုင်းမှ ၂ ဦး၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းမှ ၁ ဦးစီ တို့ဖြစ်ပြီး စစ်မှုထမ်းသင်တန်း အများဆုံး၂ လခန့်သာ တက်ရောက်ခဲ့ပြီး ဩဂုတ်လကုန်ခန့်တွင် ရခိုင်စစ်မြေပြင်သို့ ပို့ဆောင်ခံရသူများ ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။
“ (စစ်သင်တန်းက) နှစ်လလောက် တက်ရတယ်။ တချို့လည်း ၁၅ ရက်လောက်ပဲတက်ရတယ်။ တချို့ ကျတော့လည်း လုံးဝမကြာဘူး၊ ရခိုင်ပြည်နယ်ကိုပို့ပြီးတော့ ဒီရောက်မှပဲ သေနတ် အဖြုတ်အတပ် လေးကို သင်ပြီးတော့ပဲ ရှေ့တန်းကြီးထဲမှာ ထားထားတယ် လို့ သူတို့ဘက်က ထွက်ဆိုထားတယ်”
ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားသည်၊ ဖမ်းဆီးရမိထားသော စစ်မှုထမ်း သင်တန်းဆင်း ၄ ဦးက မိသားစုထံ ပြန်လိုကြောင်း ထွက်ဆိုထားသည်ဟု ဆလိုင်းရိုးချင်းက ဆိုသည်။
အမ်းဒေသတိုက်ပွဲများအတွင်း စစ်ရှုံးလာပြီးနောက် စစ်ကောင်စီတပ်သားများသည် မကွေးနှင့် နီးစပ်ရာ ဒေသများသို့ ထွက်ပြေးလာရာ ယခုနှစ် မတ်လနှင့်ဧပြီလအတွင်း ဒေသအခြေစိုက် ကာကွယ်ရေး အဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။
မတ်လအတွင်း SAF က တစ်ဦး၊ မကွေး အခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA) က ၆ ဦး ဖမ်းမိခဲ့ပြီး AA ထံ ပြန်လွှဲပြောင်းပေးခဲ့ကြသည်။
ဒေသတော်လှန်ရေးအင်အားစုများ၏ အဆိုအရ စစ်တပ်သည် တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့နယ် ကို မကွေးတိုင်းမှတဆင့် အမ်း – ပဒါန်းလမ်းကြောင်းကို အသုံးပြုကာမြေပြင် စစ်ကူပို့ဆောင်ပို့ဆောင်လျှက် ရှိပြီး လေကြောင်းမှလည်း စစ်ကူအင်အားဖြည့်တင်းနေသည်။
“လက်ရှိမှာတော့ ရန်သူ ဒီလမ်းကို အတင်းထိုးဖောက်ပြီး အမ်းဘက်ကို စစ်ကူပို့နေတာမျိုးတွေ ရှိနေတယ် ဗျ။ မြေပြင်ကရော လေကြောင်းကပါ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတဲ့အထားလို့ ပြောလို့ ရပါတယ်”ဟု PRA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမ်းမြို့ မကျစေရေးနှင့် မြေပြင်စစ်ကူဖြည့်တင်းရေးတွင် အရေးပါသည့် အမ်း – ပဒါန်းလမ်းပေါ်တွင် စစ်တပ်က ပြီးခဲ့သည့်လပိုင်းမှစတင်ကာ အင်အားတိုးချထားပြီး နယ်မြေစိုးမိုးနိုင်ရေး ကြိုးပမ်းနေသလို တော်လှန်ရေးအင်အားစုက ကြားဖြတ်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်လာကာ ထိုလမ်းပိုင်းကို ဖြတ်တောက်နိုင်ရေး ကြိုးပမ်းနေသည်။
ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်ကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းသည် ၆၄ မိုင် ရှည်လျားသည်။