ylliX - Online Advertising Network
မောင်တင့်တယ် - အမေရိကန်နိုင်ငံရေးစနစ်အပေါ်  မာ့က်စ်ဝါဒအမြင်

မောင်တင့်တယ် – အမေရိကန်နိုင်ငံရေးစနစ်အပေါ် မာ့က်စ်ဝါဒအမြင်


(မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၂၄

(အမေရိကန် ပြည်သူတွေဟာ အဆိုးကြီးနဲ့ အဆိုးလေး ဆိုတဲ့ မကောင်းဆိုးဝါးနှစ်ကောင်ထဲက ပိုကောင်းမယ် (Greater good) လို့ ထင်ရတဲ့ အဆိုး​လေး (Lesser evil) ကိုပဲ ရွေးခွင့်ရကြတာ ဖြစ်ပါတယ်။)

သူ့ပြည်တွင်းရေးရာတွေမှာတော့ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလစ်ကန်ပါတီ ဆိုပြီး အုပ်စု ၂ စုခွဲထားပြီး ပြည်သူတွေကို ရွေးချယ်ခွင့်ပေးထားတယ်၊ ပြည်သူတွေကလည်း ၄ နှစ် တကြိမ် မဲပေးခွင့်ရကြပြီး မကောင်းဆိုးဝါးနှစ်ကောင် ဖြစ်တဲ့ အဆိုးကြီးနဲ့ အဆိုး​လေး ( Lesser evil) ထဲမှာ ပိုကောင်းမယ်(Greater good) လို့ ထင်ရတဲ့ အဆိုးလေးကိုပဲ ရွေးခွင့်ရကြတာ ဖြစ်ပါတယ်။

နှစ်ပါတီလုံး မကြိုက်ရင် မဲမပေးဘူး၊ ဆိုပြီးတော့သာ နေလို့ရတယ်၊ တခြား ရွေးချယ်ခွင့်မရှိကြပါဘူး။

သာမန်ပြည်သူတွေအပေါ်မှာတင် ဒီလို ကန့်သတ်ထားသလား ဆိုတော့ မဟုတ်ပါဘူး။

သူတို့ ရွေးချယ်ထားပါတယ်လို့ ဆိုတဲ့ သမ္မတ ဆိုသူတွေ၊ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်က အမတ် ဆိုသူတွေလည်း အကန့်သတ်ခံထားရပါတယ်။ 

သူတို့ လုပ်ပိုင်ခွင့်ဆိုတာမှာလည်း ယေဘုယျ ပြောရမယ်ဆိုရင် ပြည်တွင်းရေးရာကိစ္စတွေမှာသာ ဖွဲ့စည်းပုံဘောင်အောက်မှာသာ ဩဇာသက်ရောက်မှု ရှိပါတယ်။ ယေဘုယျလို့ ပြောရတာက အကြွင်းမဲ့ဩဇာအာဏာမရှိဘူးလို့ ဆိုလိုချင်တာပါ။

အထင်ရှားဆုံး ဥပမာပြရမယ်ဆိုရင် ပြည်တွင်းရေးကိစ္စကြီးတွေထဲက အမေရိကန်သမိုင်းမှာ ရုပ်အပျက်ဆုံး၊ အဆိုးဆုံးဖြစ်တဲ့ သမ္မတ ကနေဒီ လုပ်ကြံသတ်ဖြတ်မှုလို ကိစ္စကြီးတွေမှာတော့ ဒီ lesser evils တွေလည်း ဘာမှ မတတ်နိုင်ပါဘူး။  နှုတ်ဆိတ်နေကြရပါတယ်။

ပြည်တွင်းရေးရာတွေအပေါ်မှာတောင် ဒီလို ခြွင်းချက်တွေနဲ့ ဩဇာအာဏာ ကန့်သတ်ခံထားရတယ် ဆိုတော့ ပြည်ပရေးရာတွေအပေါ်မှာ ဘယ်သူတွေက ဩဇာလွှမ်းမိုးထားသလဲ ဆိုတော့ သူတို့ကို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ယှဉ်ပြိုင်ရာမှာ ငွေကြေးပုံအော သုံးခဲ့ကြတဲ့ ဘီလျံနာအုပ်စုကြီးတွေပါပဲ။

ဒီအုပ်စုကြီးတွေရဲ့  ခေါင်ချုပ်ကတော့ လီနင်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရဆို လက်တဆုပ်စာလက်ဝါးကြီးအုပ် ဘဏ္ဍာအရင်းရှင်ကြီးတွေပါပဲ။ 

သူတို့ကို ဖွဲ့စည်းပုံအထက်က၊ ဥပဒေအထက်က လူတွေလို့ ပြောလို့ရပါတယ်။ ဒီလူတွေကပဲ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး( No man is above the law) ဆိုပြီး ဂျင်းထည့်ခဲ့ကြသေးတယ်။

ဒါကြောင့် ပြည်ပရေးရာကိစ္စ (သူတို့အကျိုးစီးပွား)တွေမှာ အထူးသဖြင့် စစ်မှုရေးရာကိစ္စတွေမှာ ဒီဘဏ္ဍာအရင်းရှင်ဘီလူးကြီးတွေရဲ့ အဆုံးအဖြတ်တွေကသာ အခရာ ပါ။ သူတို့ငွေကြေးတွေကို အမြတ်အစွန်းကြီးမားလှတဲ့ စစ်မှုရေးရာလုပ်ငန်းများ(military complex)တွေမှာ မြှုပ်နှံထားကြပါတယ်။

သူတို့ လုပ်ချင်တာတွေကို သမ္မတ တို့၊ လွှတ်တော်တို့ဆိုတာက သဘောတူပေးကြရတာပါ။ သဘောမတူရင် ဘာဖြစ်မလဲ ဆိုတော့ သမ္မတ ကနေဒီ နမူနာသာ ကြည့်ပါတော့။

တခြားထင်ရှားတဲ့ ကမ္ဘာသိ ဥပမာ တခုလည်း ရှိပါတယ်။ အဲဒါကတော့ အီရတ် ကျူးကျော်ရေးစစ်ပွဲပါ။

ကုလသမဂ္ဂနဲ့ သူ့ပြည်သူတွေက သဘောမတူဘဲ ကန့်ကွက်နေတာတောင်မှ သူတို့ လုပ်ချင်ပြီဆိုတော့ လွှတ်တော် ၂ ရပ်လုံးနဲ့ သမ္မတကပါ သဘောတူ ထောက်ခံပေးရပါတယ်။

ဒီမိုကရက်ဖြစ်ဖြစ်၊ ရီပတ်ဘလစ်ကန်ဖြစ်ဖြစ် ခေါင်းညိတ်ရပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ ပြည်ပ ကျူးကျော်စစ်ပွဲတွေ ဖြစ်တဲ့ ဗီယက်နမ်၊ အာဖဂန်၊ အီရတ် စတဲ့ အရေးတွေမှာ ဘယ်ပါတီ တက်တက် သူတို့ အထက်ဆရာဘဏ္ဍာ အရင်းရှင်ဘီလူးကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းပဲ ဆက်လက်လုပ်ဆောင် အကောင်အထည်ဖော်ကြရတာတွေချည်းပါပဲ။

သမ္မတနဲ့ ပြည်သူ့ကိုယ်စားလှယ် ဆိုသူများက သူတို့ ဖြစ်ချင်တာကို သူတို့ (ဘဏ္ဍာအရင်းရှင်ဘီလူးကြီးများ) ထောင်ထားတဲ့ CNN, VOA အစရှိတဲ့ ပင်မမီဒီယာ(mainstream media) တွေကနေ ဝါဒဖြန့်ချိပေးရတဲ့အဆင့်ပဲ ရှိပါတယ်။

ဒါ့ပြင် သူတို့ ထောက်ပံ့ထားတဲ့ မူးစားပဲစား NGO media  လေးတွေကလည်း ပါဝင်အသုံးတော်ခံကြရပါသေးတယ်။

နောက်ထပ် ဥပမာပြစရာတွေလည်း များပါတယ်။ ဥပမာ- ဗီယက်နမ်စစ်ပွဲ မှာ အမေရိကန် သမ္မတ ၅ ဆက်တိုင် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

၁၉၅၅၊ နိုဝင်ဘာ ၁ ရက်နေ့၊ ရီပတ်ဘလစ်ကန်သမ္မတ Eisenhower က တောင်ဗီယက်နမ်တပ်မတော်ကို လေ့ကျင့်ရန် စစ်ဘက်ဆိုင်ရာ အကူအညီအကြံပေးအဖွဲ့ကို စေလွှတ်ခဲ့တဲ့ ဒီနေ့ကစပြီး ဗီယက်နမ်စစ်ပွဲမှာ အမေရိကန် ပါဝင်ပတ်သက်မှုရဲ့ တရားဝင် အစပြုတာ ဖြစ်တယ်လို့ ပြောရပါမယ်။

၁၉၇၅ခုနှစ် ၊ ဧပြီလ ၃၀ ရက်နေ့မြောက်ဗီယက်နမ်တင့်ကားတွေ ဆိုင်ဂုံရှိ သမ္မတအိမ်တော် တံခါးဝ ရောက်မှဘဲ စစ်ပွဲအဆုံးသတ်ပါတော့တယ်။

၁။ ရီပတ်ဘလီကန်၊ သမ္မတ Dwight D. Eisenhower (၁၉၅၃-၆၁)။

၂။ ဒီမိုကရက်တစ်၊ သမ္မတ John F. Kennedy (၁၉၆၁-၆၃) လုပ်ကြံခံရ။

၃။  ဒီမိုကရက်တစ်၊ သမ္မတ Lyndon B. Johnson (၁၉၆၃-၆၉)။

၄။ ရီပတ်ဘလီကန်၊ သမ္မတ Richard Nixon (၁၉၆၉-၇၄)။

၅။ ရီပတ်ဘလီကန်၊ သမ္မတ Gerald Ford (၁၉၇၄-၇၇)။

ရီပတ်ဘလီကန် ၃ ဆက်၊ ဒီမိုကရက်တစ် ၂ ဆက်၊ သမ္မတ ၅ ဆက်၊ စုစုပေါင်း နှစ် ၂၀ ကြာပါတယ်။

ဒီနှစ် ၂၀ အတွင်းမှာ military complex လုပ်ငန်းကြီးတွေမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ ဘဏ္ဍာအရင်းရှင် ဘီလူးကြီးတွေရဲ့ အမြတ်ငွေတွေ ဘယ့်ကလောက် တိုးပွားသွားမလဲ ဆိုတာ တွေးကြည့်နိုင်ပါတယ်။ 

အမေရိကန်နိုင်ငံ တဖက်ကိုပဲကြည့်၊ စစ်ပွဲတွေဖြစ်တိုင်း လက်တဆုပ်သာရှိတဲ့ ဘဏ္ဍာအရင်းရှင် လူတစုသာ ချမ်းသာပြီးရင်း ချမ်းသာသွားကြပြီး စစ်မှုထမ်း အမေရိကန်လူငယ် ၆ သောင်းနီးပါး ကတော့ မရဏ မြန်းရပြီး ၃ သိန်းကျော် ဒဏ်ရာရပါတယ်။

အများစုက အလုပ်သမားတွေနဲ့ ကျေးလက်က လူငယ်တွေ ဖြစ်ကြပါတယ်။

ကျန်ပြည်သူအများထုကြီးက စီးပွားပျက်ဒဏ် ခံရပါတယ်။ 

ယေဘုယျအားဖြင့် ဘဏ္ဍာအရင်းရှင်ဘီလူးကြီးတွေဟာ တိုင်းတပါးမှာ အနှစ် ၂၀ ကြာ စစ်မီးမွှေးကာ စစ်စီးပွားရေးနဲ့ အမြတ်ငွေတွေ သဲ့ယူပြီးသကာလ ချွတ်ခြုံကျလာနေတဲ့ စီးပွားရေးကို တဖန်ပြန်ဦးမော့လာရေးဘက်ကို ပြန်လုပ်လေ့ရှိကြပါတယ်။ 

ဒီဖြစ်စဉ် အတိုင်းပဲ ၁၉၇၅ ဗီယက်နမ်စစ်အပြီးနောက် တက်လာတဲ့ နစ်ဆင်သမ္မတ လက်ထက်ကစပြီး (၁၉၇၂ က စခဲ့တဲ့)ကစ်ဆင်းဂျားရဲ့ တရုတ်ပြည်နဲ့ ငြိမ်းချမ်းရေးခရီးစဉ်တွေ စလာတာနဲ့ ၁၉၈၀ စုကာလ ရီပတ်ဘလီကန်-သမ္မတ ရော်နယ်ရီဂင်လက်ထက် (၁၉၈၁-၈၉)၊ ရီဂင် နောမစ်လို့ တောင် ဝိဂြိုလ်ပြု ကမ္ပည်းတင်ပေးခဲ့တဲ့ စီးပွားရေး ပြန်လည်ဦးမော့လာမှု မှတ်တိုင်တွေကို အထင်အရှားတွေ့မြင်ရမှာပါ။

ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာပြီး တည်ငြိမ်လာပြီလို့ ပြောလို့မှ မဆုံးသေးဘူး၊ ဗီယက်နမ်စစ်ပီးလို့ နှစ် ၂၀ ကျော်  အစိတ်အကြာမှာ နောက်စစ်မီးတခုကို မွှေးပြီး စစ်စီးပွားရေးကြီး စပြန်ပါတော့တယ်။ လောဘတွေ မသတ်နိုင်ကြပါဘူး။

အဲဒါကတော့ အာဖဂန် စစ်ပွဲပါ။ ၂၀၀၁ က စလိုက်တာ ၂၀၂၁ မှ အဆုံးသတ်ပါတယ်။ စစ်စီးပွားရေးခွင်က အာဖဂန်နဲ့တင် မလုံလောက်သေးတော့ ၂၀၀၃ မှာ အီရတ်ကိုပါ စစ်မီးတိုးချဲ့ပါတယ်။ 

စစ်စီးပွားရေးကလင်ဒါ ( calendar) နှစ်အစိတ်နှောင်းပိုင်းမှာတော့ ယူကရိန်းနဲ့ အစ္စရေး proxy စစ်မီး ထပ်မွှေးခဲ့ပြီး စစ်စီးပွားရေး အမြတ်ငွေတွေ ဒလဟော သဲ့ယူလိုက်ပြန်ပါတယ်။

အခုတော့ အမေရိကန် ဘဏ္ဍာဘီလူးကြီးတွေရဲ့ calendar ကျ အတိုင်းဆို စစ်မီးလျှော့ပြီး ပြည်တွင်းစီးပွားရေးဘက် လှည့်ရမယ့်အချိန် ရောက်လာပြန်ပါပြီ။

သူတို့နောက်လိုက်ကလေး ရာဇဝတ်ပြစ်မှု၊ တရားမမှုပေါင်းများစွာနဲ့ တရားစွဲဆိုခံထားရတဲ့ ဘီလျံနာလေး ဒေါ်နယ်ထရမ့်ကို တင်ပေးပြီး စီးပွားရေးဘက်ကို အလှည့်ပေးလိုက်ပြန်ပြီလို့ ဆိုရပါမယ်။

မွှေးခဲ့တဲ့ စစ်မီးတွေ အဆုံးသတ်ပြီး ပြည်တွင်းစီးပွားရေး ပြန်တည်ငြိမ်အောင်ပဲ လုပ်နိုင်မလား။ ပိတ်ကားပေါ်စောင့်ကြည့်ပြီး၊ မာ့က်စ် တို့ပြောခဲ့သလိုပဲ အရင်းရှင်စနစ်ရဲ့ မဖြေရှင်းနိုင်တဲ့ မွေးရာပါ ပဋိပက္ခတွေကြားမှာ သွက်ချာပါဒလိုက်ပြီး စစ်ပွဲတွေနဲ့ပဲ ထွက်ပေါက်ရှာ ဖြေရှင်းကြမလားဆိုတာကိုတော့ ကမ္ဘာ့ပြည်သူတွေ နိုးနိုးကြားကြားနဲ့ သတိရှိကြပါလို့သာ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *