ylliX - Online Advertising Network
စလင်းမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သူ NUG ကြန့်ကြာနေလို့ မြို့နယ်ပအဖသေဒဏ်ချမှတ်

စလင်းမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သူ NUG ကြန့်ကြာနေလို့ မြို့နယ်ပအဖသေဒဏ်ချမှတ်


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဂုံညှင်းနွယ်ရွာအနီး အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဦးစံကို ပြစ်ဒဏ်ချမှတ်နိုင်ရေး NUG ဘက်ကကြန့်ကြာနေတာကြောင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြီးခဲ့တဲ့နိုဝင်ဘာ ၁၅ ရက်နေ့က သေဒဏ်ချမှတ်လိုက်တယ်လို့ အဲဒီပအဖဆီကနေ သိရပါတယ်။

 

ဒီပြစ်မှုအတွက် သက်သေအထောက်အထားတွေ ရရှိထားပြီး တရားခံကလည်း ဝန်ခံထားပြီးဖြစ်တာကြောင့် မြို့နယ်ကပဲ သေဒဏ်ချမှတ်စီမံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ကျွန်မတို့ စိုးမိုးနယ်မြေအရ စကစနဲ့ အားပြိုင်မှုတွေရှိသလို ကျွန်မတို့ နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ပီပြင်ရေးအတွက် ပြည်သူတွေရဲ့ ကိစ္စတော်တော်များများကို အချိန်မီ ‌ဖြေရှင်းဆောင်ရွက်ပေးရတာတွေရှိပါတယ်။ နှောင့်နှေးကြန့်ကြာပြီး အချိန်တွေတအားဆွဲနေခြင်းက ကျွန်မတို့မြေပြင် လုပ်ဆောင်နေရသူတွေအတွက် အဆင်မပြေသလို ပြည်သူလူထုယုံကြည်မှုတည်ဆောက်ရေးကဏ္ဍလည်း အလိုလို Fail Down ဖြစ်စေပါတယ်” လို့ စလင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၀င် မဟန်နီကယ်က ပြောပါတယ်။

 

ဒါကြောင့် မုဒိမ်းမှုကျူးလွန်ထားတဲ့ ဦးစံ(၄၂)နှစ်ကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂(က)အရ သေဒဏ်ချမှတ်ထားရာ စီရင်မယ့်ရက်ကို ပြန်လည်ချမှတ်သွားမှာဖြစ်ပြီး ဒီကနေ့ နို၀င်ဘာ ၂၉ ရက်နေ့အထိ ပအဖအချုပ်ထောင်မှာ ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့တုန်းက တော်လှန်ရေးတပ်ဖွဲ့စိုးမိုးနယ်မြေဖြစ်တဲ့ မြောင်းသစ်နဲ့ ဂုံညှင်းနွယ်ကျေးရွာအကြားမှာ ဂုံညှင်းနွယ်ရွာနေ ဦးစံ(၄၂)နှစ်က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပါတယ်။

 

အဲဒီနောက် အောက်တိုဘာ ၂၂ ရက်မှာပဲ သံသယရှိသူအနေနဲ့ဖမ်းဆီးခဲ့ပြီး သက်သေတွေထွက်လာချိန်မှာတော့ သူသတ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ဝန်ခံခဲ့ပါတယ်။

 

အဲဒီပြစ်မှုတွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ တရားရေးဋ္ဌာနဆီ မှုခင်းအတိုင်း ဆက်လက်စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ပေးဖို့ တင်ထားပေမဲ့ ကြန့်ကြာနေတာကြောင့် နို၀င်ဘာ ၁၅ ရက်မှာပဲ စလင်းမြို့နယ်ပအဖက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

စလင်းမြို့နယ်က တော်လှန်ရေးစိုးမိုးနယ်မြေတွေထဲ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရေးအပြင် ပြည်သူတွေ ဘေးကင်းလုံခြုံစွာ တရားဥပဒေနဲ့အညီ နေထိုင်နိုင်ရေးအတွက် အထူးကြိုးစားဆောင်ရွက်နေတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

 

ဓာတ်ပုံ – စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

 

ပုံစာ- စလင်းမြို့နယ်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဦးစံ

 



Source link

Leave a Reply

Your email address will not be published. Required fields are marked *