ylliX - Online Advertising Network
A Chinese bank employee counts 100-yuan notes and US dollar bills at a bank counter in Nantong in China's eastern Jiangsu province on August 28, 2019. China's currency slid on August 26 to its weakest point in more than 11 years as concerns over the US trade war and the potential for global recession weighed on markets. (Photo by AFP) / China OUT

ကုန်သွယ်ရေးစစ်ပွဲ တကျော့ပြန်ဖြစ်ပွားရန် တာစူနေချိန် တရုတ်၏ ပြည်တွင်းဝယ်လိုအား မြှင့်တင်ရန် ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ လိုအပ် – BUR.MIZZIMA.COM


South China Morning Post:-

တရုတ်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုပြန်ရရန် ပြည်တွင်းစားသုံးမှုမြှင့်တင်ရေးအတွက် ယွမ် ၁၀ ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ) ထပ်မံလိုအပ်နိုင်ကြောင်း HSBC ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု အလားအလာ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ ထပ်မံဖြစ်ပွားမည့် အလားအလာရှိနေပြီး အိမ်၊ ခြံ၊ မြေကဏ္ဍမှာ ပြန်လည်နာလန်ထူလာမည့် အရိပ်အယောင် မတွေ့ရသေးသောကြောင့် တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ပြီး တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်နှင့် အာရှ ရှယ်ယာဈေးကွက်ဆိုင်ရာ အကြီးအကဲ ကာရိုလင်း ယူမော်ရာက ပြောကြားခဲ့သည်။

တရုတ်စတော့ရှယ်ယာများတွင် ဖောက်သည်များ၏ ဝယ်ယူသုံးစွဲမှုကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်ရရန် ယွမ် ၁၀ ထရီလီယံဆိုလျှင် လုံလောက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းငွေကြေးများကို တလုံးတခဲတည်း သို့မဟုတ် တနှစ်အတွင်း အသုံးပြုန်ရန်မလိုသော်လည်း အဆိုပါလမ်းကြောင်းကို ရင်းနှီးမြှုပ်နှံသူများ ထင်ရှားမြင်သာအောင် ပြသရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

တရုတ်အစိုးရသည် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး အတိုးနှုန်းလျှော့ချခြင်းနှင့် အိမ်၊ ခြံ၊ မြေ ဝယ်ယူမှုအတွက် ငွေပေးချေမှုအချိုးအစား လျှော့ချခြင်းတို့အပါအဝင် စီးပွားရေး မြှင့်တင်ရေး အစီအမံများ ချမှတ်ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်များကြောင့် တရုတ်စတော့ရှယ်ယာဈေးကွက်မှာ ထူးထူးခြားခြား မြင့်တက်လာခဲ့သည်။

သို့သော် ချိနဲ့နေသော အိမ်၊ ခြံ၊ မြေ ဈေးကွက်နှင့် ကျဆင်းနေသော ဝယ်လိုအားတို့ကို မြှင့်တင်မည့် အစီအစဉ်များမှာ ထင်သလို ဖြစ်မလာခဲ့သောကြောင့် မြင့်တက်လာသော စတော့ရှယ်ယာဈေးကွက်သည် အလျင်အမြန် ပြန်လည်ကျဆင်းသွားခဲ့သည်။

တရုတ်ထိပ်တန်းကုမ္ပဏီ ၃၀၀ ၏ လုပ်ငန်းလည်ပတ်မှုကို စောင့်ကြည့်လေ့လာထားသည့် CSI 300 အညွှန်းကိန်းသည် အောက်တိုဘာလလယ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ တရုတ်ကုမ္ပဏီကြီးများကို စောင့်ကြည့်လေ့လာထားသည့် Hang Seng အညွှန်းကိန်းမှာ ၁၇ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။

တရုတ်နိုင်ငံသည် စီးပွားရေးနှေးကွေးမှုနှင့် အမေရိကန်-တရုတ် တင်းမာမှုတို့ အပါအဝင် စိန်ခေါ်မှု အများအပြားနှင့် ကြုံတွေ့နေရသည်။ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးနောက် အမေရိကန်နှင့် တရုတ်တို့အကြား ဆက်ဆံရေး ဆိုးရွားလာနိုင်သည်။

“တရုတ်ဟာ လာမည့်နှစ်မှာ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနဲ့ ပြည်တွင်းတိုးတက်ရေး အစီအမံတွေကြား ဗျာများရဦးမှာပါ။ ဒါက ဈေးကွက် အတက်အကျနဲ့ မရေရာမှုတွေ ပိုပြီး ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု မော်ရာက ပြောကြားခဲ့သည်။

တရုတ်ထုတ်ကုန်များအပေါ် လက်ရှိကောက်ခံနေသည့် အခွန်များပေါ်တွင် နောက်ထပ် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ မဲဆွယ်စည်းရုံးရေးတွင် ဒေါ်နယ်ထရမ့်က “တရုတ်သွင်းကုန်အားလုံးကို အခွန် ၆၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် သွင်းကုန်မှန်သမျှကို ပုံသေခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား ကောက်ခံသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အဆိုပါ အခွန်နှုန်းထားများကို မျှော်လင့်ထားသည်ထက် ပိုစောကာ ဇန်နဝါရီလတွင် ထရမ့်သမ္မတသက်တမ်း တာဝန်ယူပြီးပြီးချင်း စတင်ကောက်ခံလာနိုင်ကြောင်း Nomura ငွေကြေးဝန်ဆောင်မှုကုမ္ပဏီက ပြောကြားခဲ့သည်။

ဒုတိယအကြိမ် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလာနိုင်ခြေရှိပြီး တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှီခိုအားထားရာဖြစ်သော ပြည်ပပို့ကုန်နှင့် ကုန်ထုတ်လုပ်မှုတို့မှာ ထိခိုက်လာနိုင်သောကြောင့်

တရုတ်အနေဖြင့် ပြည်တွင်းဝယ်လိုအား၊ အထူးသဖြင့် ဝယ်ယူသုံးစွဲမှုအပေါ် ပိုမိုအာရုံစိုက်လာရနိုင်သည်ဟု Macquarie လေ့လာသုံးသပ်ရေးအဖွဲ့မှ လယ်ရီဟူနှင့် ယုရှောက်ကျန်း တို့က ပြောကြားခဲ့သည်။

“အားလုံးကို ခြုံကြည့်မယ်ဆိုရင် လာမည့်နှစ်မှာ စီးပွားရေးတိုးတက်မှုကို ပံ့ပိုးဖို့ လှုံ့ဆော်ရေးအစီအစဉ်တွေ ထပ်ပြီးလုပ်လာလိမ့်မယ်ထင်ပါတယ်” လို့ HSBC မှ မော်ရာက ပြောကြားခဲ့သည်။ ထိုသို့ဖြစ်လာလျှင် ပြည်တွင်း ဦးစားပေးကဏ္ဍများရှိ စတော့ဈေးကွက် ပိုမိုကောင်းမွန်လာဖွယ်ရှိကြောင်း” ၎င်းက ဆက်ပြောသည်။

အောက်တိုဘာလအတွင်း တပတ်ကြာ အမျိုးသားနေ့အားလပ်ရပ်ကြောင့် တရုတ်နိုင်ငံ၏ လက်လီရောင်းချမှု မြင့်တက်ခဲ့ကြောင်း တရုတ်ပြည်သူ့ဘဏ်၏ ဒုတိယသုံးလပတ် စစ်တမ်းတွင် ဖော်ပြထားသည်။

စစ်တမ်းဖြေဆိုသူ ၆၂ ရာခိုင်နှုန်းက နောင်တွင် ငွေကြေးပိုမို ချွေတာစုဆောင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သုံးဖြုန်းရန် ဆန္ဒမရှိကြောင်း ပြသခဲ့သည်။ အဆိုပါ နှုန်းထားသည် စံချိန်တင်လုနီးပါး မြင့်တက်လာခြင်းဖြစ်သည်။ ထို့ပြင် စစ်တမ်းဖြေဆိုသူ ၁၃ ဒသမ ၃ ရာခိုင်နှုန်းကသာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနှုန်းထားမှာ စံချိန်တင် နည်းပါးသောပမာဏဖြစ်သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *