ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်မြို့တွင် ရေကြီးရေလျှံမှုအတွင်း နုန်းမြေ တင်ကျန်မှုနှင့် မြေပြိုမှုများမှာ မိုင်းဆတ်မြို့နယ်ရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့်ဟု ထိုင်းအစိုးရ လေ့လာတွေ့ရှိမှုက ဖော်ပြနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)တွင် ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာန၏ လေ့လာမှုတစ်ခုတွင် နယ်စပ်ဒေသတလျှောက် ရေကြီးရေလျှံမှုအတွင်း မကြုံစဖူး နုန်းမြေတင်ကျန်မှုနှင့် မြေပြိုမှုများမှာ မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။
မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ စစ်ကောင်စီနှင့် ‘ဝ’တပ်ဖွဲ့ UWSA လက်အောက်ခံ ဒေသများတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စ၍ ရွှေတူးဖော်ထုတ်လုပ်မှု ပိုမိုများပြားလာခြင်းကြောင့် မြစ်ဘေးရှိ တောင်၏ အစိတ်အပိုင်းတချို့မှာ တိုက်စားခံရကာ ခဲဓာတ်များသော ကန်များအဖြစ် ပြောင်းလဲသွားပြီး ဆိုင်ယာနိုက်ကဲ့သို့ အဆိပ်ရှိ ဓာတုပစ္စည်းများ ပါဝင်နေကြောင်း SHRF ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယခုကဲ့သို့ ရွှေတူးဖော်မှုလုပ်ငန်းများမှ စွန့်ပစ်ရေများကြောင့် မြစ်ကြောင်းတလျှောက် မှီတင်းနေထိုင်ရသည့် ဒေသခံများ အရေပြားရောဂါ ဖြစ်ပေါ်ခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ပျက်ကျစေခြင်းတို့ ဖြစ်စေခဲ့ပြီး ရေနေသတ္တဝါများလည်း မျိုးသုဉ်း ပျောက်ကွယ် သွားခဲ့ကြသည်ဟု SHRF ၏ ပြောရေးဆိုခွင့်ရသူ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကိုပြောသည်၊ ။
“နုန်းတွေများတော့ စိုက်ပျိုးမြေတွေ ပျက်စီးတဲ့အထိ ဖြစ်လာတယ်။ ရွှေကို ဆက်တိုက်တူးမယ်ဆို မြေပြိုပြီး ရွာတွေ ပျောက်နိုင်တယ်။ ရွှေတူးဖော်ရေးကြောင့် အဆိပ်သင့်တာတွေလဲ တွေ့ရတယ်။ ကိုယ်ဝန်ဆောင်က သားလျောတာ၊ အရေပြားရောဂါတွေ ဖြစ်တာတွေ ကြုံတွေ့နေရတယ်”ဟု SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ပြောသည်။
မယ်ဆိုင်မြစ်သည် သျှမ်းပြည်အရှေ့ပိုင်း မဲခေါင်မြစ်လက်တက်များအနက်မှ တစ်ခုဖြစ်ပြီး ယခုနှစ်များအတွင်း သတ္တုတူးဖော်မှုများ၏ အကျိုးဆက်ကို ခံခဲ့ရပြီး နမ့်ခုတ်မြစ်နှင့် နမ့်လင်းမြစ်သည်လည်း ကျောက်မီးသွေး၊ ရွှေနှင့် မန်ဂန်းနိစ် ထုတ်လုပ်မှုများကြောင့် ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုနှစ်တွင် မယ်ဆိုင်မြစ်ရေနှင့် မျောပါလာသည့် ရွှံ့နုန်းများတွင် အာဆင်းနစ်၊ နီကယ်လ်နှင့် ဇင့် စသည့် ဓာတုဒြပ်စင်ပါဝင်မှု အများဆုံးဖြစ်ပြီး ဇင့်သည် သတ်မှတ်ထားသည့် ပမာဏထက် ၁၈ ဆ ပိုများနေကြောင်း ထိုင်းအစိုးရ၏ လေ့လာမှုအရ သိရသည်။
ထို့ပြင် သတ္တုတူးဖော်မှုများမှ ထွက်လာသော အဆိပ်အတောက်နှင့် နုန်းများသည် နမ့်လင်းမြစ်တစ်လျှောက်တွင် နေထိုင်သူ ပြည်သူလူထုအတွက် ကြောက်မက်ဖွယ် သက်ရောက်မှုများ ဖြစ်ပွားစေပြီး အထူးသဖြင့် နုန်းတင် ရေကြီးခြင်း၊ နေအိမ်သုံး ရေများနှင့် စိုက်ပျိုးရေများကို ညစ်ညမ်းစေခြင်းကြောင့် စိုက်ပျိုးရန် မဖြစ်နိုင်သော အခြေအနေများနှင့် တွေ့ကြုံနေရသည်။
အဆိုပါ ရွှေတူးဖော်မှုလုပ်ငန်းများကြောင့် ဒေသခံတိုင်းရင်းသား ထောင်နှင့်ချီ နေရာရွှေ့ပြောင်းမှုများလည်း လုပ်ဆောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သျှမ်းပြည်အရှေ့ပိုင်း ရွှေတူးဖော်ခြင်းလုပ်ငန်းများကို ၂၀၀၆ ဝန်းကျင်မှ စတင်ခဲ့ပြီး ယနေ့ထိ နယ်မြေများချဲ့ထွင်ကာ စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်များ အကျိုးစီးပွားအတွက် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟု SHRF ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
မယ်ဆိုင်မြစ်အပြင် အခြားမြစ်များဖြစ်သည့် နမ့်ခုတ်မြစ်တလျှောက်တွင် ထိုင်းနိုင်ငံ၏ Sahakol Company မှ မြန်မာစစ်ကောင်စီတပ်၏ စီးပွားရေးကော်ပိုရေးရှင်း ဖြစ်သော Golden Lake Company နှင့် ပူးပေါင်းပြီး မိုင်းခုတ်ဒေသတွင် ၂၀၁၉ ခုနှစ်မှ စတင်ကာ နှစ် ၂၀ တူးဖော်ခွင့်ဖြင့် စတင်တူးဖော်ခဲ့သည်။
အလားတူ နမ့်ခုတ်မြစ်အထက်ပိုင်း၊ မိုင်းဆတ်မြို့တောင်ဘက်တွင် ၂၀၂၃ ခုနှစ်မှ စပြီး တရုတ်ကုမ္ပဏီ (၇)ခုမှ UWSA ‘ဝ’တပ်ဖွဲ့နှင့် ချိတ်ဆက်ပြီး ရွှေတူးဖော်မှု လုပ်ဆောင်ချက်ကြောင့် အဆိပ်အတောက် ဖြစ်စေသည့် စွန့်ပစ်ရေများ ထိုင်းနယ်စပ် မီတာ ၃၀ အကွာအထိ မြစ်များအတွင်း စီးဆင်းလျက်ရှိသည်။
ထိုကဲ့သို့ ရေညစ်ညမ်းမှုနှင့် သဘာဝဘေးဒဏ်ကို ပြည်သူများ ပို၍ခံစားလာရသောကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည်များကို ပြည်သူများအနေဖြင့် ဖော်ပြရန်လိုအပ်ကြောင်း SHRF ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ဆိုသည်။
“အဓိကတော့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ EAO တွေကို ဖိအားပေးသင့်တယ်။ ဖိအားပေးဖို့ဆိုတာထက် ဆိုးကျိုးတွေ ခံစားနေရတာကို ပြည်သူတွေက အများသိအောင် ပိုထုတ်ပြဖို့လိုတယ်။ ဒါမှ မရပ်တန့်ရင်တောင် လျော့ချနိုင်မှာ ဖြစ်တယ်။ ဒီအချိန်မှာက ဖိအားပေးဖို့ မဖြစ်နိုင်ဘူးဆိုတာ သိပေမဲ့ ကြိုးစားကြည့်ရမယ်လို့ မြင်တယ်” ဟု ၎င်းက အကြံပြုသည်။
ယခင်ကာလ၌ မယ်ဆိုင်မြို့နှင့်တာချီလိတ်မြို့များတွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း နုန်းမြေ ပါဝင်မှု မများခဲ့ဘဲ ယခုတစ်ကြိမ် ရေကြီးမှုမှာ နုန်းပါဝင်မှု အများဆုံး ဖြစ်ခဲ့ပြီး ပြန်လည်ဖယ်ရှားရန် အခက်ခဲဆုံးနှင့် ကုန်ကျစားရိတ် အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။