မောင်ငြိမ်းအေး
နိုင်ငံတော်နှင့်ပြည်သူများအတွက် ကောင်းကျိုးဖြစ်ထွန်းရေးအတွက်လည်းကောင်း၊ မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်လာရန်အတွက်လည်းကောင်း ကလောင်စွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို အလေးအမြတ်ပြုပြီး ၁၉၄၄ ခုနှစ်မှစတင်၍ စာဆိုတော်နေ့ အခမ်း အနားများ ကျင်းပလာခဲ့ရာ ယခုအခါနှစ်ပေါင်း ၈၀ တိုင်ခဲ့ပြီဖြစ်သည်။ မြန်မာစာပေလောက ရှင်သန်ဖွံ့ဖြိုးစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် စာပေအမျိုးမျိုးတို့ကို ပြုစုရေးသားကြသည့် စာဆိုတော်ကြီးများ၏ အခန်းကဏ္ဍသည် အရေးပါသလို စာပေပညာရှင်ကြီးများကို အားပေးချီးမြှင့်ပေးသည့် နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်း လူပုဂ္ဂိုလ်များ၏ စေတနာများမှာ မြန်မာစာပေရှင်သန်ဖွံ့ဖြိုးစေသည့် အဓိကကျသည့် အကြောင်းရင်းဖြစ်သည်ဟု ရှုမြင်ပါသည်။
စိန်ရတုစာပေဆုနှင်းသဘင်
စာပေသည် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကြောင်းတရားဖြစ်သည်။ စာပေသည် အတွေးအခေါ်၊ အယူအဆ စိတ်ဓာတ်ခွန်အားများ ရှင်သန်ဖွံ့ဖြိုးရာ အရင်းအမြစ်ဖြစ်သည်။ စာပေသည် မြန်မာ့ယဉ်ကျေးမှုအနုပညာ အသီးသီးဖြာထွက်ရာ ပင်မမဏ္ဍိုင်ဖြစ်သည်။ စာပေအကျိုးကျေးဇူးများမှာ ကျယ်ပြန့်နက်ရှိုင်းလှသည်။ ခေတ်အဆက်ဆက်အစိုးရများက မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးကို ရည်သန်မျှော်ကိုးပြီး စာဆိုတော်ကြီးများ၏ စာပေလက်ရာမွန်တို့ကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုနှင့် စာပေ ဗိမာန်စာမူဆုများအဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ ရောက်တိုင်း နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိရာ ယခုအခါ (၇၅) နှစ်မြောက် စိန်ရတုစာပေ ဆုနှင်းသဘင်ကာလသို့ပင် ရောက်ရှိလာပြီဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတို့သည် အရေးပါသကဲ့သို့ ဉာဏ ပိုင်းဆိုင်ရာတို့သည်လည်း ထပ်တူအရေးကြီးသည်။ နိုင်ငံတစ်နိုင်ငံ၏ စာပေနှင့် အနုသုခုမပညာရပ်များသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည်။ စာပေသည် နိုင်ငံတစ်နိုင်ငံနှင့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကို အကဲဖြတ်ရာတွင် အဓိကကျသည့် စံနှုန်းများကိုအခြေခံထားသည်။ စာပေသည် “ခေတ်၏ကြေးမုံ” ဟု ပညာရှင်များက ကမ္ပည်းတပ်ကြသည်။ ပြည်သူ့အကျိုးပြုစာပေများ သည် ခေတ်အဆက်ဆက် ကြေးမုံပြင်တွင် အထင်အရှား ကျန်ရစ်နေဆဲဖြစ်သည်။ ပြည်သူများကို ခေတ်အဆက်ဆက် အကျိုးပြုလျက်ရှိသည်။
စာဆိုတော်ကြီးများ၏ ကျေးဇူး
ထို့ကြောင့် စာပေသည် လူမျိုး၏ ယဉ်ကျေးမှု မဏ္ဍိုင်ဖြစ်ကြောင်း အခိုင်အမာပြောဆိုရမည်ဖြစ် သည်။ စာအုပ်စာပေမျိုးစုံတို့သည် လူသားများ၏ ခေတ်ကြေးမုံဖြစ်ကြောင်း စာပေအမျိုးမျိုးတို့က ညွှန်းဆိုဖော်ပြလျက်ရှိသည်။ စာအုပ်စာပေများသည် လူ့မိတ်ဆွေများဖြစ်ပြီး စာပေမြင့်မှ လူမျိုးတင့်မည်ဟု ပြောဆိုကြရသည်။ စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် အမျိုးသားရေး စိတ်ဓာတ်ကို မြှင့်တင်ပေးလျက်ရှိသည်။ “ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်” ဆိုသည့်သတိပေး ဆိုရိုးစကားအတိုင်း သိရှိလိုက်နာပြီး ယဉ်ကျေးမှုမပျောက်ပျက်အောင်၊ ခိုင်မြဲတည်တံ့အောင် စာပေဖြင့် ဆက်လက်တည်ဆောက်ရန်မှာ နိုင်ငံသား အားလုံး၏ တာဝန်ဖြစ်သည်ကို အခိုင်အမာအသိပေး ပြောဆိုလိုပါသည်။
မြန်မာစာပေသည် ပုဂံခေတ် ၁၂ ရာစုအစတွင် စတင်ပေါ်ပေါက်ခဲ့သည့် သမိုင်းအထောက်အထား များရှိသည်။ စာပေရေစီးကြောင်းသည် မျက်မှောက်ကာလတွင် နှစ်ပေါင်း ၁၀၀၀ နီးပါး သက်တမ်းရှိပြီဖြစ်သည်။ မြန်မာစာပေ၌ အစောဆုံးစာပေ အရေးအသားကို သက္ကရာဇ်အခိုင်အမာပါရှိသည့် ရာဇကုမာရ်ကျောက်စာကို ညွှန်းဆိုကြသည်။
ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်းရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကျွန်ခေတ်ရဟန်းစာဆို၊ လူစာဆိုတို့၏ ပြောင်မြောက်သော စာပေလက်ရာများမှာ ယနေ့ထက်တိုင်ရှိနေဆဲဖြစ်သည်။ ရှေးစာဆိုတော်ကြီးများ၏ အကျိုးကျေးဇူးကြောင့် ယနေ့ထက်တိုင် မြန်မာစာပေထွန်းကားရှင်သန်နေခြင်းဖြစ်သည်။ ခေတ်အဆက်ဆက် စာဆိုတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို သတိရသောအားဖြင့် နတ်တော်လဆန်း ၁ ရက် နေ့ရောက်တိုင်း စာဆိုတော်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပကြသည်။
စာပေဆုများ ပေးအပ်ချီးမြှင့်
မြန်မာ့သမိုင်းတစ်လျှောက်တွင် ရဟန်းစာဆို၊ လူစာဆို မြန်မာစာဆိုတော်ကြီးများ၏ မြန်မာ စာပေစွမ်းပကားဖြင့် နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ခဲ့မှုများကို ချီးကျူးဂုဏ်ပြုပူဇော်ခြင်းဖြစ် သည့် စာဆိုတော်နေ့ ကျင်းပခြင်းနှင့် စာပေဆုများ ချီးမြှင့်ခြင်းသည် အလွန်မွန်မြတ်ပါသည်။ (၇၅)နှစ် စိန်ရတုတိုင်အောင်ရှိခဲ့ပြီဖြစ်သည့် စာပေဆုနှင်းသဘင်အခင်းအကျင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ နိုင်ငံတော်၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ် ဩဂုတ်လတွင် တည်ထောင်ခဲ့သည့် စာပေဗိမာန်သည် တိုင်းရင်းသားပြည်သူများ နိုင်ငံတကာဗဟုသုတ တိုးပွားရန်အတွက် ဘာသာပြန်စာပေများ ထုတ်ဝေ ခဲ့သကဲ့သို့ မြန်မာစာပေများလည်း ထုတ်ဝေခဲ့သည်။
စာပေဆုချီးမြှင့်ခြင်း သမိုင်းကြောင်း၌ မြန်မာ စာပေဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်တွင် “စာပေ ဗိမာန် ကာလပေါ်ဝတ္ထုဆု” ကို စတင်ချီးမြှင့်ခဲ့သည်။ ထို့နောက် “စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု” ကို ‘စာပေဗိမာန်ဆု’၊ ‘အနုပညာဆိုင်ရာ စာပေဆု’၊ ‘အမျိုးသားစာပေဆု’ စသည်ဖြင့် ဆုအမည်ကို ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲခဲ့ပြီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆုချီးမြှင့်မည့် ဘာသာရပ်များ၊ ဆုငွေများကိုလည်း တိုးတက်ချီးမြှင့်လာခဲ့သည်မှာ ယခုနှစ်အထိ ဆိုပါက နှစ်ပေါင်း ၇၅ နှစ် စိန်ရတုကာလတိုင်ခဲ့ပြီဖြစ်သည်။ ဘာသာရပ်များကိုလည်း တိုးမြှင့် သတ်မှတ်ပြီး ချီးမြှင့်လာခဲ့သည်မှာ အမျိုးသား စာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ် ၁၉ မျိုးနှင့် ‘စာပေဗိမာန်စာမူဆု’ တွင် ဘာသာရပ် ၁၃ မျိုးအထိ ဆုချီးမြှင့်ပေးလျက်ရှိသည်။
စာဆိုတော်ကြီးများဂုဏ်ရည်
ပြီးခဲ့သည်နှစ်က ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုချီးမြှင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားခဲ့ရာ၌ “ဟေမန္တရတု ဟု ခေါ်တွင်ခဲ့ကြသည့် ယခုနတ်တော်လရာသီသည် ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သည့် စာဆိုတော်များ ရေးဖွဲ့သီကုံးခဲ့သည့် စာပေ၏ အနှစ်သာရ၊ အဆီအနှစ်များကို ပြန်လည်လှစ်ဟ ဖော်ကျူးဂုဏ်ပြုကြသည့် ကာလ လည်းဖြစ်ပါကြောင်း၊ စာဆိုတော်များ၏ စေတနာကောင်းများမှ ဖြစ်ထွန်းပေါ်ပေါက်လာသည့် စာပေအဖူးအပွင့်များသည် လေ့လာ၍မကုန်နိုင်အောင် များပြားလွန်းလှပါကြောင်း၊ ယနေ့နိုင်ငံ ဖွံ့ဖြိုးမှု ရလဒ်များသည် စာပေကရသည့် အသိပညာ၊ အတတ်ပညာများက အများဆုံးရရှိခဲ့သော သက်သေများပင်ဖြစ်ပါကြောင်း၊ စာပေကပေးစွမ်းသည့် သုတ၊ ရသအဖုံဖုံတို့သည်လည်း အလွန်အဖိုး အနဂ္ဃ ထိုက်တန်ပါကြောင်း၊ ထို့ကြောင့် လူသားများအတွက် စာပေအသိအမြင်နှင့် ပညာဗဟုသုတများကို ပေးစွမ်းသည့်စာဆိုတော်ကြီးများ၏ ဂုဏ်ရည်ကို ဖော်ထုတ်ပြသသည့်အနေဖြင့် နတ်တော်လရာသီတွင် စာဆိုတော်နေ့အခမ်းအနားများကို ကျင်းပကြခြင်းပင် ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။
စေတနာရှင်များဝိုင်းဝန်းကူညီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံသူနိုင်ငံသားများ၏ ပညာနှင့်တွေးခေါ် မြော်မြင်နိုင်စွမ်းမြင့်မားရန် အထူးအရေးကြီးလှပါသည်။ အထူးသဖြင့် မိမိတို့နိုင်ငံ၏ လူဦးရေအများဆုံးနေထိုင်သည့် ကျေးလက်ဒေသများတွင် ပညာရေးအားနည်းခဲ့သည်။ ပညာရေးအားနည်းချက်နှင့်အတူ တွေးခေါ်မြော်မြင်မှုတွင် လိုအပ်ချက်များရှိခဲ့သည်။
အဆိုပါ လိုအပ်ချက်များကိုပြုပြင်ရန် ဘက်စုံပညာရေးစနစ်နှင့် စာမတတ်သူပပျောက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ခေတ်စနစ်နှင့်အညီ တွေးခေါ်မြော်မြင်မှုများ တိုးတက်အောင် လုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် စာအုပ်စာပေများကို လက်လှမ်းမီစွာရရှိရန်၊ စာပေကို ဖတ်ရှုလေ့လာကြရန် စာပေပညာရှင်များနှင့် မြန်မာစာပေနယ်ပယ်မှ စာပေရေးသားပြုစုသူများ၊ ထုတ်ဝေသူများ၊ ဖြန့်ချိသူများ၊ စာကြည့်တိုက်များနှင့် စေတနာရှင်များက ဝိုင်းဝန်းကူညီကြရန် အထူးပင်မေတ္တာရပ်ခံလို ပါသည်။
ဝမ်းမြောက်ဂုဏ်ယူမိ
ယခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ရရှိကြသည့် စာပေပညာရှင်ကြီးများသည် ၎င်းတို့ ဘဝတစ်လျှောက်လုံး၌ စာပေလောကနယ်ပယ်ထဲတွင် လုံးဝနှစ်မြှုပ်ပြီး နိုင်ငံအတွက်၊ အများပြည်သူ အတွက် ကောင်းကျိုးဖြစ်ထွန်းစေမည့် သုတ၊ ရသ စာပေများကို တစိုက်မတ်မတ် ရေးဖွဲ့ခဲ့ကြသူများ ဖြစ်ကြသည်။ အဆိုပါ စာပေပညာရှင်ကြီးများ၏ စာပေလက်ရာများသည် မြန်မာစာပေလောကဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေရုံသာမက “စာပေမြင့်မှ လူမျိုးတင့်မည်” ဆိုသည့် စာပေဆောင်ပုဒ်ပါအတိုင်း နိုင်ငံနှင့် လူမျိုးအကျိုးကို တစိုက်မတ်မတ် မြှင့်တင်ပေးနေသည့်အတွက် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို နိုင်ငံတော်က ဂုဏ်ပြုချီးမြှောက်ပေးလျက်ရှိသဖြင့် များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
မျက်မှောက်ကာလ ပညာခေတ်တွင် ကမ္ဘာပေါ်ရှိ ရုပ်ဝတ္ထုဆိုင်ရာများ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် အချိန်နှင့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်နေသည်။ ထိုသို့ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ အဆိုပါရုပ်ဝတ္ထု ပစ္စည်းများကို ကိုင်တွယ်အသုံးချနေသည့် လူသားများအားလုံး၏ အသိပညာမြင့်မားရေးနှင့် စိတ်ဓာတ်ကောင်းမွန်ရေးသည်လည်း အရေးပါလာသည်ကို တွေ့ရသည်။ ရုပ်ဝတ္ထုတိုးတက်မှုများကို ကောင်း သည့်ဘက်တွင် အသုံးချမှုများရှိသလို မကောင်း သည့်ဘက်တွင် အသုံးချမှုများရှိလာသည်။ လူများတွင် အဖိုးတန်ဆုံးသောအရာသည် အသိပညာပင်ဖြစ်သည်။ အသိပညာဗဟုသုတ ဆင်ခြင်တွေးခေါ်မှု ဉာဏ်ပညာအားများဖြင့် အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်းတို့ကို ခွဲခြားသိမြင်နိုင်သည့် ဉာဏ်ပညာအား လိုအပ်သည်။
အသိပညာအလိမ္မာရရှိ
အသိပညာဗဟုသုတများကို အတွေ့အကြုံများနှင့် စာပေအသိဗဟုသုတများမှ ရနိုင်သည့် အတွက် လူတိုင်းလူတိုင်း စာဖတ်သင့်ကြောင်း ရှေး အဆက်ဆက် လူကြီးသူမ ပညာရှိများက မှာကြားခဲ့ သည်။ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် လူပုဂ္ဂိုလ်အားလုံးတို့၏ တူညီသောထုတ်ဖော်မြွက်ဟ မှုများတွင်လည်း “စာဖတ်တယ်” ဆိုသည့် စကားပင်ဖြစ်ပါသည်။ လူတိုင်းသည် ကိုယ်တိုင်တစ်ဦးတည်း အတွေ့အကြုံတစ်မျိုးတည်းဖြင့်သာ မည်သည့်အလုပ်၊ မည်သည့်အကြောင်းကိစ္စကိုမျှ အကုန်အစင် အလုံးစုံ မသိရှိနိုင်ပါပေ။ နှစ်ပေါင်းများစွာ ကြုံတွေ့ရ ရှိခဲ့သည့် လူပေါင်းများစွာတို့၏ အသိပညာများ၊ အတွေးအခေါ်များကို စုစည်းထားသည့် စာအုပ် စာပေများကို ဖတ်ကြမှသာ လုံလောက်သည့် အသိပညာအလိမ္မာကို ရရှိစေမည်ဖြစ်ပါသည်။
တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိ သည်ဆိုသည့် စကားအတိုင်း နိုင်ငံကောင်းရာ ကောင်းကျိုးအတွက် တိုင်းရင်းသားပြည်သူ၊ နိုင်ငံသူနိုင်ငံသားအားလုံး၏ စည်းလုံးညီညွတ်မှု၊ အတွေးအခေါ်၊ အယူအဆ စသည့် ပြည်သူများ၏ ရပ်တည်လုပ်ဆောင်မှုကဏ္ဍများသည် အရေးကြီးသည်။ အတွေးအခေါ်၊ အယူအဆ၊ ဆင်ခြင်တုံတရားတို့ကို စာပေမှရရှိနိုင်သည်။ ပြည်သူများကို အသိပညာ ဗဟုသုတနှင့် စိတ်ဓာတ်မြင့်မားစေရေးကို စာပေ ပညာရှင်ကြီးများ၊ အနုပညာရှင်ကြီးများ၏ စွမ်းပကားများ ဖန်တီးဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ကြီးသည် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ စာပေ ပညာရှင်ကြီးများအနေဖြင့် တတ်ကျွမ်းသည့် စာပေရေးသားခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရာတွင် လူတစ်စုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက် မဖြစ်သင့်ဘဲ တစ်မျိုးသားလုံးအကျိုး၊ တစ်နိုင်ငံလုံးအကျိုး၊ လူသားအားလုံးအကျိုးကို ဦးတည်ဆောင်ရွက်ပေး ကြရမည်ဖြစ်သည်။
စာပေတစ်သက်တာဆုရှင်
စာပေဆိုင်ရာ စွမ်းဆောင်မှုများတွင် အမြင့်ဆုံး ဖြစ်သည့် အမျိုးသားစာပေတစ်သက်တာဆုသည် မိမိ၏ ဘဝတစ်သက်တာပတ်လုံး စာပေတွင် မြှုပ်နှံပြီး ကိုယ်ကျိုးစီးပွား အလေးမထားဘဲ စာပေနှင့် မွေ့လျော်ကာ စာပေနှင့်သာ အသက်မွေးဝမ်းကျောင်းပြုရင်း မိမိနိုင်ငံ၊ မိမိလူမျိုး၏ အကျိုးစီးပွားကို စာပေစွမ်းပကားဖြင့် တစိုက်မတ်မတ် သယ်ပိုးထမ်းရွက် လျက်ရှိသည့် စာပေပညာရှင်ကြီးများကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည့်အတွက် စာပေလောကအတွက် အမြင့်ဆုံး၊ တန်ဖိုးအရှိဆုံး စာပေဆုဟု ဆိုရမည်ဖြစ် သည်။ အမျိုးသားစာပေတစ်သက်တာဆုကို ၂၀၀၁ ခုနှစ်အတွက် စတင်ချီးမြှင့်ပေးအပ်ခဲ့ပြီး ယခုနှစ်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ် ပြုသောအားဖြင့် စာပေပညာရှင် ဆရာကြီး ဒေါက်တာ မင်းတင်မွန်၊ ဆရာကြီး ဒေါက်တာတိုးလှ၊ ဆရာကြီး ဦးညွန့်ဆွေ (မောင်ဆွေသက်)၊ ဆရာကြီး ဦးသန်းဆွေ(မောင်သန်းဆွေ-ထားဝယ်)၊ ဆရာကြီး ဒေါက်တာကျော်ဝင်း(သမိုင်း)နှင့် ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်) တို့ကို ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခဲ့သည်။
ခေတ်တစ်ခေတ်တွင် ပေါ်ပေါက်ခဲ့သည့် စာပေများသည် ထိုခေတ်ကို ရောင်ပြန်ဟပ်လျက်ရှိသည်။ ခေတ်တစ်ခေတ်၏ အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်းတို့ကို စာအုပ်စာတမ်းများမှ သိခွင့်ရကြသည်။ စာပေသည် ခေတ်တစ်ခေတ်၏ မှတ်တမ်း မှတ်ရာများဖြစ်သည်။ စာပေမှ ဗဟုသုတ၊ ခံစားချက်၊ သင်ခန်းစာ၊ စိတ်ဓာတ်ခွန်အား အမျိုးမျိုးရရှိသည်။ ဤသို့ နိုင်ငံနှင့်လူမျိုးကို အကျိုးများ တိုးပွားအောင် ဖော်ဆောင်ခဲ့ကြသည့် စာဆိုတော်ကြီးများ၊ စာပေ ပညာရှင်ကြီးများကို ဂုဏ်ပြုကော်ရော်ပူဇော်ကြရ မည်ဖြစ်သည်။ ထိုကောင်းသော အစဉ်အလာကို အစဉ်အဆက် ဆက်လက်သယ်ဆောင်သွားရင်း ပို၍ကောင်းသည်ထက်ကောင်းအောင် အရောင် တင်ကြရမည်မှာ နှောင်းလူတို့၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ စာပေဆုများဟု တွင်ခဲ့ လေသော စာပေဗိမာန်ဆု (၁၉၄၈-၁၉၆၁)၊ အနု ပညာဆိုင်ရာဆု (၁၉၆၂-၁၉၆၄) တို့ကို ဆက်လက် ထိန်းသိမ်းလာခဲ့ရာ ယနေ့အထင်အရှားရှိနေ သည့် ‘အမျိုးသားစာပေဆု’ ‘အမျိုးသားစာပေ တစ်သက်တာဆု’ဟူ၍ စိန်ရတုတိုင်အောင် စာပေ ဂုဏ်ရောင်ထွန်းတောက်လျက်ရှိပါကြောင်း။ ။